သီရိလင်္ကာစီးပွားရေးတည်ငြိမ်ရန် ပြုပြင်ပြောင်းလဲရေး လိုအပ်ဟု ဗဟိုဘဏ်ပြော

သီရိလင်္ကာနိုင်ငံဟာ အကျပ်အတည်း ပြန်မရောက်စေဖို့အတွက် ဘတ်ဂျက်အဆိုပြုချက်တွေနဲ့ စီးပွားရေးတည်ငြိမ်အောင် ပြုပြင်ပြောင်းလဲရေး အစီအမံတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ဗဟိုဘဏ်အကြီးအကဲက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ သီရိလင်္ကာဗဟိုဘဏ် အုပ်ချုပ်ရေးမှူး နန္ဒာလည် ဝီရာဆင်းဂ်က “ဘဏ္ဍာရေးအာမခံချက်ရယူခြင်း၊ ကြွေးမြီပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ် ပြီးမြောက်ခြင်းနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူခြင်း အပါအဝင် နောက်ထပ်အဆင့်တွေ လိုအပ်ဦးမယ်” လို့ ပြောပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ဘဏ္ဍာရေးအတွင်းဝန် မဟင်ဒါသီရိဝါဒါနက စီးပွားရေးတည်ငြိမ်ရေးဟာ စိန်ခေါ်မှုတရပ်အဖြစ် ဆက်ရှိနေပြီး ပုဂ္ဂလိကကဏ္ဍဟာ အစိုးရကို စီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်ဖို့ ကူညီပေးရမယ့် သူ့အခန်းကဏ္ဍကို ထမ်းဆောင်ရမှာဖြစ်ကြောင်း ပြောပါတယ်။
ငွေကြေးဖောင်းပွမှု များလာတာနဲ့အမျှ ငွေကြေးအားနည်းမှုနဲ့ နိုင်ငံခြားအရန်ငွေ နည်းပါးမှုကြောင့် လူပေါင်း ၂၂ သန်းရှိတဲ့ ကျွန်းနိုင်ငံဟာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေလို မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းမှုအတွက် ပေးဆပ်ဖို့ ရုန်းကန်နေကြရပြီး IMF ရဲ့ ထောက်ပံ့ငွေ အလွန်အမင်း လိုအပ်နေပါတယ်။