close

အာဂျင်တီးနားနှင့် တရုတ် ငွေကြေးလဲလှယ်မှု တိုးချဲ့ရန် သဘောတူ

အာဂျင်တီးနားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ငွေကြေးလဲလှယ်မှု သဘောတူညီချက်ကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးချဲ့ဖို့ သဘောတူခဲ့တယ်လို့ သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က နိုဝင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ဖာနန်ဒက်ဇ်တို့ရဲ့ သဘောတူညီချက် တစိတ်တပိုင်းအဖြစ် ၂၀၁၉ နှစ်ကုန် ဖာနန်ဒက်ဇ် ရာထူးတာဝန်ယူချိန်က ဒေါ်လာ ၄၃ ဒသမ ၇၈၅ ဘီလီယံကနေ ၃၇ ဒသမ ၈၀၃ ဘီလီယံအထိ ကျဆင်းသွားတဲ့ အာဂျင်တီးနားအစိုးရ အရန်ငွေတွေ တိုးမြှင့်ဖို့ ကြိုးပမ်းနေတာပါ။

တရုတ်နဲ့ လဲလှယ်မှုကြောင့် ဗဟိုဘဏ် BCRA ဟာ နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်မှာ ဝင်ရောက်စွက်ဖက်ဖို့နဲ့ ပြည်တွင်း ပီဆိုငွေကို အားကောင်းစေဖို့ နိုင်ငံခြားငွေ ပိုရလာမယ်လို့ အာဂျင်တီးနား စီးပွားရေးဝန်ကြီး ဆာဂီယို မက်ဆာက ပြောပါတယ်။

အရင်းအနှီးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပေမဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ၁၀၀ ရာခိုင်နှုန်းထိ ပြန်ရောက်နိုင်တဲ့ ငွေကြေးဖောင်းပွမှုကနေ အကာအကွယ်ရှာနေတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ငွေစုသူတွေဆီက ဒေါ်လာဝယ်လိုအား ဆက်တိုက် များနေတာကြောင့် BCRA ဗဟိုဘဏ်ရဲ့ အရန်ငွေပမာဏ ကျဆင်းသွားပါတယ်။

စိုက်ပျိုးရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ လေကြောင်းအပါအဝင် နယ်ပယ်တွေမှာ အာဂျင်တီးနားနိုင်ငံနဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်သမ္မတကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံ CCTV က ပြောပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဟာ အာဂျင်တီးနားရဲ့ ဒုတိယအကြီးဆုံးကုန်သွယ်ဘက်ဖြစ်ပြီး အာဂျင်တီးနား ပို့ကုန်တွေအတွက် ဒုတိယအကြီးဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up