တူရကီ ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသည့် ဆီးရီးယားအမျိုးသမီးအား ဖမ်းဆီးစစ်ဆေး

တူရကီရဲတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၃ ရက်က အစ္စတန်ဘူလ်ရဲ့ လူစည်ကားတဲ့ အစ္စတိကလယ် လမ်းမပေါ်မှာ လူ ၆ ဦး သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုမဖြစ်ခင် သံသယရှိသူကို ပြသထားတဲ့ CCTV မှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဗွီဒီယိုဖိုင်မှာ သံသယရှိသူ အမျိုးသမီးဟာ ပေါက်ကွဲမှု မဖြစ်ခင်ကလေးမှာ လမ်းလယ်က ပန်းခင်းအောက်ထဲကို အထုပ်တထုပ် ထိုးထည့်ခဲ့ပုံတွေကို ပြထားပါတယ်။
အစ္စတန်ဘူလ်မှာ လူ ၆ ဦး သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုအတွက် ကာ့ဒ်စစ်သွေးကြွတွေကို တူရကီက အပြစ်တင်ထားပြီး ရဲတပ်ဖွဲ့ကလည်း ဗုံးထောင်သူလို့ သံသယရှိတဲ့ ဆီးရီးယား အမျိုးသမီးတဦး အပါအဝင် လူ ၄၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ကာဒစ်စတန် အလုပ်သမားပါတီ (PKK) နဲ့ ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တို့က ဒီပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၈၁ ဦး ဒဏ်ရာရခဲ့ပြီး ရာနဲ့ချီတဲ့ ဈေးဝယ်သူတွေ၊ တိုးရစ်ခရီးသွားတွေနဲ့ မိသားစုတွေဟာ ပေါက်ကွဲမှုဖြစ်တဲ့နေရာကနေ ထွက်ပြေးခဲ့ကြပါတယ်။
ဗုံးခွဲသူလို့ သံသယရှိတဲ့ ဆီးရီးယားနိုင်ငံသူ Ahlam Albashir ကိုလည်း ရဲတပ်ဖွဲ့က ညတွင်းချင်း ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရ Albashir ကို စစ်ဆေးမေးမြန်းချိန်မှာ သူ့ကို ကာ့ဒ်စစ်သွေးကြွတွေက လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဆီးရီးယားမြောက်ပိုင်းရှိ အက်ဖ်ရင်မြို့ကနေ တူရကီနိုင်ငံထဲကို ဝင်ရောက်ခဲ့တာဖြစ်ကြောင်း Albashir က ပြောခဲ့တယ်လို့ ဆိုပါတယ်။