တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

၉ ကြိမ်မြောက် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တို့မှာ နိုဝင်ဘာ ၁၅ ရက်က ကျင်းပခဲ့ပြီး နိုင်ငံသုံးနိုင်ငံက ပညာရှင် ၅၀ ကျော်နဲ့ အွန်လိုင်းရော လူကိုယ်တိုင်ပါ တက်ရောက်ခဲ့ကြပါတယ်။
“တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အကြား ပိုကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အပြန်အလှန်နားလည်မှု တိုးမြှင့်ရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ တရက်တာ ဆွေးနွေးပွဲကို ဂျပန်စီးပွားရေးဖောင်ဒေးရှင်း၊ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်အင်စတီကျု၊ တရုတ်ပြည်သူ့သံတမန်အဖွဲ့နဲ့ တောင်ကိုရီးယား အရှေ့အာရှဖောင်ဒေးရှင်းတို့က ပူးတွဲကျင်းပခဲ့တာပါ။
ပါဝင်သူတွေက ပထဝီနိုင်ငံရေး၊ ကမ္ဘာလုံးဆိုင်ရာ ဘုံစိန်ခေါ်မှုတွေကနေ အုပ်ချုပ်မှုအခြေခံ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်အထိ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
အခုနှစ်ဟာ တရုတ်-ဂျပန် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေး နှစ် ၅၀ ပြည့် နှစ်ပတ်လည်ဖြစ်ပြီး တရုတ်-တောင်ကိုရီးယား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၃၀ ပြည့် နှစ်ပတ်လည်လည်း ဖြစ်နေပါတယ်။
ဒီအခြေအနေမှာ အခုနှစ် သုံးနိုင်ငံဆွေးနွေးပွဲဟာ ဒေသတွင်း အားလုံးပါဝင်တဲ့ စီးပွားရေး မဟာမိတ်မူဘောင် RCEP အတွင်း တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြားမှာ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင် ဘယ်လိုလုပ်မလဲဆိုတာ အာရုံစိုက်သင့်ပါတယ်လို့ ဟိုင်နန်က တရုတ်ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်က ဒါရိုက်တာ ချီဖုလင်က ပြောပါတယ်။
RCEP ဟာ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ စတင်အသက်ဝင်ခဲ့ပြီး တရုတ်-ဂျပန်-တောင်ကိုရီးယား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကအခြေအနေသစ်တွေကို ပံ့ပိုးပေးပါတယ်။
RCEP မူဘောင်အတွင်း မဟာဗျူဟာမြောက် လမ်းဆုံတခုအနေနဲ့ ဟိုင်နန်ဟာ သူ့ရဲ့ အားသာချက်တွေကို အပြည့်အဝကစားရင်း ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်မှာ တက်တက်ကြွကြွ ပေါင်းစည်းကာ သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကအခွင့်အလမ်းကို ဆုပ်ကိုင်သင့်တယ်လို့လည်း ပြောခဲ့ပါတယ်။