တောင်ကိုရီးယားကျောင်းသား ၅ သိန်းကျော် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆို

တောင်ကိုရီးယားကျောင်းသား ၅ သိန်းကျော်ဟာ နိုဝင်ဘာ ၁၆ ရက်က နှစ်စဉ် ခက်ခဲပင်ပန်းတဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့ကြပါတယ်။
အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံမှာ ကော်ပိုရိတ်အဖွဲ့အစည်းတွေရဲ့ အလုပ်အကိုင်တွေကလည်း အကန့်အသတ်နဲ့ရှိတာကြောင့် ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ်တခုခုကနေ ဘွဲ့တခုရရှိထားမှ အနိမ့်ဆုံးအားဖြင့် လုံခြုံစိတ်ချရမှု ရှိနိုင်မယ်လို့ ရှုမြင်ထားကြတာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ကြတဲ့ ဒီစာမေးပွဲဟာ အထက်တန်း ကျောင်းသူကျောင်းသား အများအပြားအတွက် ဘဝကိုပြဋ္ဌာန်းတဲ့ မှတ်တိုင်တခုလို့ သတ်မှတ်ထားကြတာပါ။
စာမေးပွဲမှာ ဘာသာစကားတွေကနေ သင်္ချာနဲ့ သိပ္ပံ ဘာသာရပ်တွေအထိ ပါဝင်ပါတယ်။
မိဘတွေနဲ့ ကျောင်းသားတချို့ကတော့ မကြာသေးခင်က လူပေါင်း ၁၅၆ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဟောလိုးဝင်းပွဲတော် ဖြစ်ရပ်ကြောင့် နဂိုထဲကမှ စိတ်ဖိစီးရတဲ့ ဘဝသတ်မှတ်ချက် စာမေးပွဲမှာ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ မသေချာ မရေရာမှုတွေ ထပ်တိုးလာတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားဝန်ကြီးချုပ် ဟန် ဒွတ်ခ်ဆိုး ကတော့ စာမေးပွဲဖြေကြသူတွေဟာ စာမေးပွဲပြီးဆုံးခြင်း အထိမ်းအမှတ် စုဝေးကြလေ့ရှိတာကြောင့် လူစုလူဝေးများတဲ့ နေရာတွေမှာ လုံခြုံရေးအစီအမံတွေ ထပ်လုပ်ထားဖို့ တောင်းဆိုထားပါတယ်။