close

စစ်ကောင်စီက မန္တလေးထောင်မှ အကျဉ်းသား ၄၅၀ ကျော်လွှတ်၊ နိုင်ကျဉ်း ၁၅ ဦးသာပါဝင်

စစ်ကောင်စီက နိုဝင်ဘာ ၁၇ ရက် ဒီနေ့ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားနေ့မှာ အကျဉ်းထောင်တွေထဲ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးနေပြီး မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၄၅၀ ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံရပြီး ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးနဲ့ အကျဉ်းသူ ၁ ဦးသာ ပါတယ်လို့ သိရပါတယ်။

အိုးဘိုအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက “လွှတ်ပေးတဲ့အထဲမှာ တခြားအကျဉ်းသားတွေ များတယ်။ နိုင်ငံရေးအကျဉ်းသားက နည်းတယ်။ ညနေပိုင်းမှာ လူ ၃၀၀ လောက် လွှတ်ပေးတာ” လို့ ပြောပါတယ်။

၁၀၂ နှစ်မြောက် အမျိုးသားနေ့မှာ စစ်ကောင်စီက အကျဉ်းထောင်တွေကနေ အကျဉ်းသား ၅,၇၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်သူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ ပန်းချီဆရာ ထိန်လင်း၊ လူရွှင်တော် ဟာသ သရုပ်ဆောင် ဆင်မ၊ စာရေးဆရာ မောင်သာချို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်၊ ဝါရင့်ရှေ့နေကြီး ဦးကျော်ဟိုး စသူတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ မစ္စဗစ်ကီဘိုမင်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦးတို့လည်း ပြန်လွှတ်ပေးမယ့်စာရင်းမှာ ပါဝင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတဲ့ ရုပ်ရှင်မင်းသမီး ဖွေးဖွေးနဲ့ အဆိုတော် နီနီခင်ဇော်တို့ အပါအဝင် အနုပညာရှင် ၁၁ ဦးကိုလည်း စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ အရပ်သားပြည်သူ စုစုပေါင်း ၁၃,၀၁၅ ဦးရှိပြီး ၁,၆၄၈ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up