close

တာမိုးညဲတွင် တိုက်ပွဲဖြစ်ပြီး နေအိမ် ၂ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့မှာ နိုဝင်ဘာ ၁၇ ရက် ဒီနေ့မနက် အစောပိုင်းက စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ ကိုးကန့် MNDAA တို့အကြား ၁ နာရီကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး မြို့ထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အိမ်နှစ်အိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “ဒီမနက်အစောပိုင်း တာမိုးညဲမှာ ၂ နာရီခွဲလောက်ကစ တိုက်ပွဲ တော်တော်ပြင်းတယ်။ ၃ နာရီကျော်လောက်အထိ အဆက်မပြတ် မရပ်မနား ဖြစ်သွားတယ်” လို့ ပြောပါတယ်။

စစ်တပ်ထဲမှာလည်း ပြင်းပြင်းထန်ထန် အပြန်အလှန် ပစ်ခတ်နေသံတွေ ၁ နာရီလောက် ကြားရပြီး လက်နက်ကြီးပစ်ကူသံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။

ကိုးကန့် MNDAA အဖွဲ့က တာမိုးညဲက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို လာရောက်ပစ်ခတ်ခဲ့ရာက တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံ အမျိုးသားတဦးက ရှင်းပြပါတယ်။

“ယန်လူရှောင်ဝ်ကြန်းကနေ လာပစ်တာ၊ ကိုးကန့်တွေ။ တာမိုးညဲ ပြည်သူ့စစ်တပ်ထဲကိုလည်း ပစ်ထည့်တယ်တဲ့။ စစ်တပ်မှာလည်း ပစ်ထည့်တယ်။ အဲဒီ ပြည်သူ့စစ်တပ်ထဲလည်း ပစ်ထည့်တယ်။”

တိုက်ပွဲဖြစ်ပွားချိန် မြို့ပေါ်ရပ်ကွက်ထဲက လူနေအိမ် ၂ အိမ်ရဲ့ ခြံဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပျက်စီးတာတွေ ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ နောက်တဦးက “ဒီမနက် တာမိုးညဲမှာဖြစ်တာ တရုတ်သူဌေးအိမ်တအိမ် ထိသွားတယ်။ ခေါင်မိုးတောင် ပွင့်ထွက်သွားတယ်။ ကားလည်းထိသွားပြီးတော့ အိမ် ၂ အိမ် ထိတယ်။ အောက်ကအိမ်တအိမ်က ဝက်ခြံအကုန်လုံး၊ ဝက်လည်းထိသွားတယ်” လို့  ပြောပါတယ်။

ဒေသခံတွေက တိုက်ပွဲဆက်လက်ဖြစ်ပွားလာမှာ စိုးရိမ်နေပြီး လက်နက်ကြီးတွေ ‌လူနေအိမ်တွေမှာ ကျရောက်ပေါက်ကွဲကာ ထိခိုက်မှုတွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ည ၈ နာရီခွဲကျော်လောက်ကလည်း ကွတ်ခိုင်မြို့ရှိ ကချင် နှစ်ခြင်းခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းဝင်းထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသား ၄ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

အခုနှစ်အတွင်း ကွတ်ခိုင်မြို့နယ်ထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ပြည်သူတွေရှိသလို ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ နဲ့ MNDAA၊ TNLA၊ KIA၊ PDF တို့ အဓိက သွားလာလှုပ်ရှားရာနယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up