ကိုလံဘိုတွင် ကျောင်းသားခေါင်းဆောင် ၂ ဦး လွှတ်ပေးရန် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ကိုလံဘိုမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ၂ ဦးလွှတ်ပေးဖို့ နိုဝင်ဘာ ၁၈ ရက်နေ့က ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေ တောင်းဆိုဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီး ရာနေးလ် ဝစ်ကရာမက်ဆင်းဂေးဟာ တက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးမှူး ဝါဆန်သာ မူဒါလီဂီ နဲ့ သံဃာတက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးမှူး အရှင် ဂါလ်ဝီဝါ ဆီရီဓမ္မ သီရိုတို့ကို အကြမ်းဖက်မှုတားဆီးရေး အက်ဥပဒေနဲ့ ရက်ပေါင်း ၉၀ ဖမ်းဆီးဖို့ အမိန့်ချမှတ်ခဲ့တာပါ။
သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာကို နုတ်ထွက်စေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဒီစည်းရုံးရေးမှူး ၂ ယောက်က အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာပါ။
ကျောင်းသားခေါင်းဆောင်တွေကို တရားရုံးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ တက်ကြွလှုပ်ရှားသူ ဆမာဓိ မန်ဒိရာက “ဒီနေ့ ကျောင်းသားခေါင်းဆောင် နှစ်ယောက်ကို လွှတ်ပေးမယ်လို့ မျှော်လင့်ထားပေမယ့် မလွတ်လာကြသေးပါဘူး။ ဒါပေမယ့် သူတို့ လွတ်မြောက်လာဖို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
သမ္မတ ရာနေးလ် ဝစ်ကရာမက်ဆင်းဂေးရဲ့ အစိုးရဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၄ နှစ်ကြာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ကျွန်းနိုင်ငံရှိ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့တဲ့အပေါ် ပြည်တွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။