တောင်အာဖရိကတွင် အစ္စရေးဂိုဏ်းခေါင်းဆောင် တဦးကို ဖမ်းဆီးရမိ

တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ဂျိုဟန်နက်စ်ဘာ့ဂ်ရဲ့ ဆင်ခြေဖုံး ဘရိုင်ယန်စတန် သူဌေးရပ်ကွက်မှာ နိုဝင်ဘာ ၁၇ ရက်က မနက်ပိုင်း စီးနင်းမှုအတွင်း အစ္စရေးက ဂိုဏ်းခေါင်းဆောင်တယောက်ကို ဖမ်းဆီးခဲ့ကြောင်း တောင်အာဖရိကရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီအမျိုးသားဟာ Abergil အဖွဲ့လို့ခေါ်တဲ့ အစ္စရေးရှိ ရာဇ၀တ်အဖွဲ့အစည်းတခုနဲ့ ချိတ်ဆက်နေပြီး ကြေညာချက်မှာ သူ့ကို "ဂိုဏ်းခေါင်းဆောင်" အဖြစ် ဖော်ပြထားပါတယ်။ ရဲတွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီလူကို နာမည်မဖော်ပြထားပါဘူး။
အင်တာပိုလ် အရာရှိတွေနဲ့ တောင်အာဖရိက ရဲဌာန (SAPS) မှ အရာရှိတွေဟာ လူသတ်မှုကျူးလွန်ဖို့ ကြံစည်မှု၊ လူသတ်မှုကျူးလွန်ဖို့ အားထုတ်မှုတွေနဲ့ အစ္စရေးမှာ အလိုရှိ နေတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ စီးနင်းရှာဖွေမှုအတွင်း ချေမှုန်းရေးရိုင်ဖယ် ၅ လက်နဲ့ ပစ္စတို ၇ လက်အပါ အဝင် သေနတ် ၁၂ လက်နဲ့ အမေရိကန်ဒေါ်လာ ၄ သောင်း တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
တရားခံအမျိုးသားကို ရန်ဘာ့ဂ် နယ်မြေတရားရုံးမှာ နိုဝင်ဘာ ၁၈ ရက်နေ့ ရုံးထုတ်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။
သူနဲ့အတူ တခြား ၇ ဦးဟာ တောင်အာဖရိကမှာကျုးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို စွဲချက်တင်ဖို့ လာမယ့်သီတင်းပတ်မှာ တောင်အာဖရိကတရားရုံးကို ပြန်ရောက်လာမှေဖြစ်ပြီး မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ သေနတ်နဲ့ ခဲယမ်းမီးကျောက်တွေ လက်ဝယ်ထားရှိမှုအပြင် တားမြစ်ထားတဲ့ သေနတ် တွေကို ပိုင်ဆိုင်ထားမှုနဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။