ရုရှားပိုင် ဆာ့ကလင်န်ကျွန်းတွင် ၅ ထပ်တိုက် ပြိုကျပြီး ၉ ဦးသေဆုံး

ပစိဖိတ်သမုဒ္ဒရာထဲက ရုရှားပိုင် ဆာ့ကလင်န်ကျွန်းပေါ်ရှိ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့တဲ့ ၅ ထပ်တိုက်ခန်း အပျက်အစီးတွေ ကြားထဲမှာ လူ ၉ ယောက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး ပျောက်ဆုံးနေသူတယောက်ကို အရေးပေါ် ကယ်ဆယ်ရေးဌာနက ရှာဖွေရေး ဆက်လုပ်နေတယ် လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၁၉ ရက်မှာ ပြောကြားပါတယ်။
"ခြုံပြောရရင် အိမ်ရဲ့ ဒီအပိုင်းမှာ လူ ၃၉ ယောက် နေထိုင်ကြတာဖြစ်ပြီး အခု ကယ်တင်နိုင်ခဲ့တဲ့ လူ ၂၃ ယောက်နဲ့ တွေ့ပြီး ဘယ်လိုကူညီနိုင်မလဲဆိုတာ ဆွေးနွေးမယ်" လို့ ဆာ့ကလင်န် ဒေသအုပ်ချုပ်ရေးမှူး ဗာလရီ လီမာရန်ကိုက ပြောပါတယ်။
ရုရှားသတင်းအေဂျင်စီတွေကတော့ ဒီပြိုကျမှုဟာ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ဖြစ်ပုံရတယ်လို့ ပြောပါတယ်။
ဟင်းချက်မီးဖိုတစ်ခုနဲ့ တွဲဆက်ထားတဲ့ ၂၀ လီတာဝင် ဓာတ်ငွေ့ဆလင်ဒါတခု ပေါက်ကွဲ သွားခဲ့တာဖြစ်ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက သတင်းရင်းမြစ်တခုကို ကိုးကားပြီး တာ့စ် သတင်းဌာနက ဖော်ပြထားပါတယ်။