close

ငြိမ်းချမ်းရေးဆွေး‌နွေးပွဲကို ခက်ခဲအောင် ယူကရိန်း လုပ်နေဟု ရုရှားစွပ်စွဲ

ယူကရိန်းဟာ ဖြစ်နိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပိုခက်ခဲအောင် အကွက်တွေရွှေ့နေတယ်လို့ ရုရှားဘက်က နိုဝင်ဘာ ၁၇ ရက်မှာ စွပ်စွဲလိုက်ပြီး လူထုညှိနှိုင်းမှုတွေနဲ့ ဆွေးနွေးဖို့ စိတ်ကူးလို့တောင်မရကြောင်းနဲ့ ကိယက်ဗ်ကို သံတမန်ရေးရာပိုင်း တွန်းအားပေးဖို့ အမေရိကန်ကို တောင်းဆိုလိုက်ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းရာမှာ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကို့ဗ်က အမေရိကန်ဟာ ရုရှားရဲ့ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်နိုင်ကြောင်းနဲ့ ယူကရိန်းအစိုးရကိုလည်း သူဆန္ဒရှိရင် ညှိနှိုင်းဆွေးနွေးရေး စားပွဲဝိုင်းကို ပြန်သွားဖို့ တိုက်တွန်းနိုင်တယ်လို့ ပြောပါတယ်။

“ယူကရိန်းဘက်က စေ့စပ်ညှိနှိုင်းမှု မလုပ်ချင်ဘူးဆိုတာ ရှင်းနေတာပဲ။ အထူးစစ်ဆင်ရေးကလည်း ဆက်လုပ်နေပြီး ရည်မှန်းချက်တွေ အောင်မြင်ဖို့လိုတယ်” လို့ သူက ပြောပါတယ်။

ယူကရိန်းဘက်ကလူတွေက ရာသီဥတု အပြောင်းအလဲထက်တောင် စိတ်အပြောင်းအလဲ မြန်တယ်လို့လည်း ဆိုပါတယ်။ ဒီနေ့ စေ့စပ်ညှိနှိုင်းဖို့ သဘောတူလိုက်၊ နောက်နေ့ကျတော့ ညှိနှိုင်းတာကို ပယ်ချလိုက်၊ နောက်တခါကျတော့ စေ့စပ်ညှိနှိုင်းမှုမျိုးကို လက်တွေ့ကျကျ တားမြစ်ထားတဲ့ ဥပဒေတရပ်ကို ချမှတ်လိုက်တာမျိုးတွေ လုပ်တယ်လို့ ဆိုပါတယ်။

စေ့စပ်ညှိနှိုင်းမှုအားလုံးမှာ ရည်မှန်းချက်တွေရှိပြီး သူတို့ရဲ့ရည်မှန်းချက်တွေကိုတော့ ‘အထူးစစ်ဆင်ရေး’ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းမှု တခုခုကနေပဲ အောင်မြင်နိုင်မယ်လို့ ရုရှားပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကို့ဗ်က ပြောပါတယ်။

ကိယက်ဗ်နဲ့ စကားပြောမယ်ဆိုရင်တော့ သူ့ကို ဝါရှင်တန်က ဩဇာလွှမ်းမိုးနိုင်ကြောင်း၊ ဝါရှင်တန်က ရုရှားရဲ့ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားနိုင်စွမ်းရှိကြောင်း၊ အမေရိကန်ကသာ ဆန္ဒရှိတယ်ဆိုရင် ယူကရိန်းထဲကို လက်နက်တွေ ပုံပေးနေတဲ့ စစ်ဘက်ဆိုင်ရာ အစီအစဉ်တွေကို ပယ်ချလို့ရကြောင်းလည်း ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up