ဘက်မလိုက်သည့်မူဝါဒ လိုက်နာရန် ကတိပြုထားဟု အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပြော

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယံတိုက မြို့တော် ဂျကာတာမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်နဲ့ တွေ့ဆုံပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးနဲ့ ဘက်မလိုက်တဲ့ မူဝါဒကို လိုက်နာဖို့ ကတိပြုထားတယ်လို့ နိုဝင်ဘာ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။
ဆူဘီယံတိုက အင်ဒိုနီးရှားရဲ့ F-15 ဂျက်တိုက်လေယာဉ်တွေဝယ်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး အစိုးရဆီကနေ အပြီးသတ်လက်မှတ်ထိုးဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ စစ်အင်အားကြီးထွားလာမှုနဲ့ ထိုင်ဝမ်အပေါ် ပဋိပက္ခဖြစ်နိုင်ချေကို စိုးရိမ်မှုတွေကြားမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်နဲ့ ပရာဘိုဝိုတို့ကြား ဆွေးနွေးပွဲဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ ကြိုးပမ်းနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ အခုလအစောပိုင်းက တွေ့ဆုံပြီးတဲ့နောက် ဆက်ဆံရေး ပြေလည်သွားတဲ့ လက္ခဏာအဖြစ် အခုသီတင်းပတ်မှာ ကမ္ဘောဒီးယား လုံခြုံရေးဖိုရမ်နဲ့ ဆက်စပ်အစည်းအဝေးမှာ အော်စတင်နဲ့ တွေ့ဆုံဖို့ တံခါးဖွင့်ထားတယ်လို့ တရုတ်က ပြောခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖုန့်ဟော့တို့ နှစ်ဦးစလုံးဟာ စီယံရိ(ပ်)မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်ကနေ ၂၃ ရက်နေ့အထိ တက်ရောက်မှာ ဖြစ်ပါတယ်။