close

ယခုနှစ် ပြည်ပကို သစ်သီးဝလံပို့ကုန် အနည်းငယ်သာ ရောင်းချရ

စစ်ကောင်စီလက်ထက် မြန်မာပြည်တွင်း ငွေကြေးမှုဝါဒနဲ့ သယ်ယူစရိတ်ကြီးမြင့်နေမှုတို့က အခုနှစ် ပြည်ပ သစ်သီးဝလံ တင်ပို့မှုကိုလည်း ဆက်လက်လျော့ကျစေခဲ့ပါတယ်။

မပြေလည်သေးတဲ့ ဘဏ်အကျပ်အတည်းပြဿနာ၊ သယ်ယူပို့ဆောင်ခနှုန်းထားကြီးမြင့်မှု၊ ပို့ကုန်ရငွေအပေါ် ချမှတ်ထားတဲ့ မူဝါဒ စတဲ့စိန်ခေါ်မှုတွေကြောင့် အခုနှစ်မှာလည်း အရင်နှစ်အတိုင်း သစ်သီးဝလံတင်ပို့မှု အနည်းငယ်သာရှိနိုင်တယ်လို့ သစ်သီးဝလံ ထုတ်လုပ်တင်ပို့ရောင်းချသူ လုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

လုပ်ငန်းရှင်တဦးက "အကြမ်းဖျင်းသုံးသပ်ရင်အချိန်အနေအထားအရ ကြည့်ရင်တော့ အခုနှစ်လည်း သိပ်ပြီး အများကြီးမထွက်လောက်ဘူး" လို့ သုံးသပ်ပါတယ်။

အခုနှစ်မှာ ထောပတ်သီးနှံအတွက် အခွင့်အလမ်းကောင်းတွေ ပြည်ပဝယ်လက်တွေ ရရှိထားပေမယ့်လည်း အဲဒီစိန်ခေါ်မှုတွေကြောင့် ပို့ကုန်သမားတွေက တွက်ခြေကိုက်မကိုက်ကို ချင့်ချိန်နေကြရတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “တွက်ခြေကိုက် မကိုက် ဆိုတာကို အကုန်လုံးက စဉ်းစားနေကြတာ။ လက်ရှိအချိန်ထိ မြန်မာပြည်တွင်းရဲ့ အခြေအနေက ဘဏ်စနစ်က သေချာ ကောင်းကောင်း ပြန်မလည်ပတ်နိုင်သေးတဲ့ အခြေအနေ အဲဒါက တခု။ နောက် သင်္ဘောလိုင်းနဲ့ပို့ရင် ကုန်ကျစရိတ် အဲဒီ ကုန်ကျစရိတ် ပြဿနာရှိတယ်။ နောက်တခုက ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်း ၂၁၀၀ နဲ့ပဲ လဲရမယ်ဆိုတော့ တကယ်ဝယ်ရတဲ့စျေးနဲ့ တွက်ခြေကိုက်ပါ့မလား ဆိုတာကို ပို့မယ့်သူတွေက ချင့်ချိန်နေရတယ်" လို့ ပြောပါတယ်။

အဲဒီအခြေအနေတွေကြောင့် အခုနှစ်မှာ လေကြောင်းနဲ့ ရေကြောင်းကနေ သစ်သီးဝလံ တင်ပို့ရောင်းချမှုက လုံးဝမရှိသလောက် ဖြစ်ခဲ့ပြီး၊ နယ်စပ်လမ်းကြောင်းကနေ တင်ပို့မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တင်ပို့ရောင်းချသူများ အသင်းက ပြောပါတယ်။

အသင်းတာဝန်ရှိသူတဦးက “စာရင်းဇယား အတိအကျတော့မရဘူး။ ဒါပေမဲ့လို့ အကြမ်းဖျင်း ပြောနိုင်တဲ့ဟာက လေကြောင်းနဲ့ ရေကြောင်းကနေ လောလောဆယ် ထွက်တဲ့ဟာ မရှိသေးဘူး။ နယ်စပ်ကုန်သွယ်ရေးကနေ သွားတာတော့ နည်းနည်းပါးပါးရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ ဖရဲ၊သခွားတင်ပို့ရာသီမှာလည်း ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့သလို၊ တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေး ဧရိယာမှာ ကိုဗစ်ကာကွယ်ရေးအတွက် လော့ဒေါင်းခဏခဏ ပြုလုပ်နေတာတွေကြောင့် အခုနှစ် မြန်မာ့ဖရဲ၊ သခွား စျေးမရရှိသလို တင်ပို့မှုကလည်း သိသိသာသာ လျော့ကျနိုင်ခြေရှိနေပါတယ်။

“ဖရဲ၊ သခွားကတော့ အတော်လေးနည်းသွားမှာပေါ့။ နဂိုက တနှစ်ကို တန်ချိန် ၁ သန်းလောက် တင်ပို့နေရာကနေ အခုဆို ၁ သိန်းတောင်ရှိပါ့မလားမသိဘူး။ စိုက်တဲ့သူလည်း နည်းတယ်။ ပို့တဲ့အခါမှာလည်း တွက်ခြေမကိုက်တော့ နည်းတယ်” လို့ ကုန်သည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါ မတိုင်ခင်ကာလက တရုတ်နိုင်ငံကို ဖရဲ၊ သခွားသီးနှံ တန်ချိန် ၁ သန်းဝန်းကျင် ထိတင်ပို့မှုရှိခဲ့ပေမဲ့ ကိုဗစ်၊ အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း တောက်လျှောက် လျော့ကျလာတာ ဖြစ်ပါတယ်။

သစ်သီးဝလံပို့ကုန်အားလုံး တင်ပို့မှုကနေ ရရှိတဲ့ဝင်ငွေကလည်း ကိုဗစ် မတိုင်ခင်ကာလက အမေရိကန် ဒေါ်လာ သန်း ၄၀၀ ထိ ရရှိခဲ့ပါတယ်။

ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ပို့ကုန်ရငွေလည်း ထိုးကျခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အမေရိကန် သန်း ၁၀၀ အောက်ထိ ကျဆင်းသွားခဲ့တယ်လို့ အဆိုပါအသိုင်းအဝိုင်းက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up