ဖိလစ်ပိုင်အတွက် ကာကွယ်ရေးဆိုင်ရာ ကတိကဝတ် အမေရိကန် ထပ်မံအတည်ပြု

အမေရိကန်ဒုသမ္မတ ကမ်မလာ ဟားရစ်ဟာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ တွေ့ဆုံချိန်မှာ ဖိလစ်ပိုင်နိုင်ငံအတွက် ကာကွယ်ရေးဆိုင်ရာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို ထပ်အတည်ပြုခဲ့ပါတယ်။
ဖိလစ်ပိုင်ဆီ သုံးရက်ကြာ ခရီးစဉ်မှာ ဟားရစ်ဟာ တောင်တရုတ်ပင်လယ် အစွန်းမှာရှိတဲ့ ပါလာဝမ်ကျွန်းစုမှာ ခရီးတထောက်နားခဲ့တာပါ။
အငြင်းပွား ရေလမ်းကြောင်းတွေနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ကျယ်ပြောလှတဲ့ အရေးဆိုမှုကို ပျက်ပြယ်သွားစေတဲ့ ၂၀၁၆ နိုင်ငံတကာခုံရုံး စီရင်ချက်အတွက် အမေရိကန်အစိုးရရဲ့ ထောက်ခံမှုကို ဟားရစ်က နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ထပ်လောင်းအတည်ပြုမှာ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ ပါလာဝမ်နဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်တချို့မှာ နယ်မြေတချို့ကို ပိုင်တယ်လို့ တရုတ်နိုင်ငံရဲ့ သမိုင်းဝင်မြေပုံတွေကို ကိုးကားပြီး အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နယ်သာလန်နိုင်ငံ သဟိတ်မြို့ ခုံသမာဓိခုံရုံးကနေ စီရင်ချက်ချတဲ့ ၂၀၁၆ စီရင်ချက်ထဲမှာ တရုတ်ရဲ့ တောင်းဆိုချက်တွေဟာ တရားဥပဒေဆိုင်ရာ အခြေခံ မရှိဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဖိလစ်ပိုင်အစိုးရက အောင်ပွဲရခဲ့ပါတယ်။
ဟားရစ်ရဲ့ခရီးစဉ်ဟာ သမ္မတဘိုင်ဒင် အစိုးရလက်ထက် အုပ်ချုပ်ရေးအရာရှိတဦးရဲ့ ဖိလစ်ပိုင်နိုင်ငံဆီ အဆင့်အမြင့်ဆုံး ခရီးစဉ်ပါ။
သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ အမေရိကန်အစိုးရကို မုန်းတီးပြီး တရုတ်အစိုးရကို မျက်နှာသာပေးမှုတွေကြောင့် တင်းမာနေခဲ့တဲ့ အမေရိကန်-ဖိလစ်ပိုင် ဆက်ဆံရေး သိသိသာသာ ပြောင်းလဲသွားတဲ့ အမှတ်အသားဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။