close

တရုတ်အပေါ် မှီခိုမှုမဖြစ်စေရန် အနောက်နိုင်ငံများကို နေတိုးအကြီးအကဲ သတိပေး

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစွမ်းအင်ထောက်ပံ့မှု ရပ်ဆိုင်းသွားတဲ့အတွက် တရုတ်နိုင်ငံအပေါ် မှီခိုမှုအသစ်တွေ မဖန်တီးမိစေဖို့ အနောက်နိုင်ငံတွေက သတိထားရမယ်လို့ နေတိုးအကြီးအကဲ ယန်း စတော့တန်ဘာ့ဂ်က နိုဝင်ဘာ ၂၁ ရက်မှာ သတိပေးခဲ့ပါတယ်။

“ကျနော်တို့အတွက် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ၊ ထောက်ပံ့ရေး ကွင်းဆက်တွေနဲ့ အဓိကစက်မှုကဏ္ဍတွေကို ထိန်းချုပ်ဖို့ တရုတ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ကြီးထွားလာတာကို မြင်နေရတယ်” လို့ စပိန်နိုင်ငံကို ရောက်နေချိန်မှာ စတော့တန်ဘာ့ဂ်က ပြောပါတယ်။

“ကျနော်တို့ဟာ ကိုယ့်အားနည်းချက်တွေကို အသုံးချပြီး အားနည်းအောင်လုပ်မယ့် အာဏာရှင် အစိုးရတွေကို အခွင့်အရေး မပေးနိုင်ပါဘူး” လို့ စတော့တန်ဘာ့ဂ်က မဒရစ်မြို့တော်မှာ ကျင်းပနေတဲ့ နေတိုးပါလီမန် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ စတော့တန်ဘာ့ဂ်က ကာကွယ်ရေးအတွက် စုစုပေါင်း ပြည်တွင်းထုတ်ကုန် ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်း သုံးစွဲနေတာဟာ မဟာမိတ်တွေဆီက ကာကွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် “ကြမ်းခင်းသာဖြစ်သင့်ပြီး မျက်နှာကျက် မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။

စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် ကလည်း နေတိုးပါလီမန်လွှတ်တော် အစည်းအဝေးမှာ မိန့်ခွန်းပြောခဲ့ပြီး စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လာမယ့်သီတင်းပတ်တွေအတွင်း စပိန်ရဲတပ်ဖွဲ့ကို ယူကရိန်းမှာ တပ်ဖြန့်သွားမယ်လို့ ပြောပါတယ်။

စပိန်ရဲအရာရှိတွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းအစိုးရရှေ့နေရုံးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ ကိယက်ဗ်မြို့ကို ရောက်နေပြီလို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ကနဦးတွေ့ဆုံရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စည်းကမ်းချက်တွေကို ချမှတ်ခဲ့ပြီး ဖြန့်ကျက်နေရာတွေ သတ်မှတ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့နောက် နိုင်ငံတကာဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းဖော်ထုတ်နိုင်တဲ့ အထောက်အထားတွေ စုဆောင်းရာမှာ ယူကရိန်း စုံစမ်းစစ်ဆေးရေးမှူးတွေ၊ အစိုးရရှေ့နေတွေနဲ့အတူ စပိန်အရာရှိတွေ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။

ဆန်းချက်ဇ်ဟာ စပိန်အလယ်ပိုင်း တိုလီဒိုမှာ ယူကရိန်းတပ်ဖွဲ့တွေအတွက် လေ့ကျင့်ရေးစင်တာအသစ်ကို နိုဝင်ဘာလကုန်မှာ စတင်လည်ပတ်မယ်လို့ ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up