close

စပိန်နှင့် ဂျာမနီ ( ၁-၁) ဂိုးဖြင့် သရေကျ 

အုပ်စု (E ) ဒုတိယပွဲစဉ်အဖြစ် နာမည်ကြီး စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့  နိုဝင်ဘာ ၂၈ ရက် မနက်အစောပိုင်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ  တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျသွား ပါတယ်။

အုပ်စုအဆင့်ကနေ နောက်တဆင့်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ရေး အရေးပါတဲ့ ပွဲစဉ် ဖြစ်တဲ့ အလျှောက် နှစ်သင်းစလုံး ရေကုန်ရေခမ်းကစားသွားခဲ့ကြတာဖြစ်ပြီး ပထမပိုင်းမှာတော့ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ကြလို့ သရေကျနေခဲ့ပါတယ်။  

ဒုတိယပိုင်းမှာတော့ စပိန်အတွက် အဖွင့်ဂိုးကိုတော့  လူစားဝင်ကစားသမား ရှေ့တန်းတိုက်စစ်မှူး မိုရာတာက  ပွဲချိန် ၆၂ မိနစ်မှာ ဘယ်ခြေနဲ့ပက်ပြီး ကန်သွင်းယူခဲ့လို့ စပိန်တို့ပွဲကို ဦးဆောင်နေခဲ့ပါတယ်။ 

ပွဲချိန် ၈၃ မိနစ်မှာ ဂျာမနီအတွက်  ချေပဂိုးကိုတော့ မူဆီရာလာချပေးတဲ့ဘောလုံးကို   တိုက်စစ်မှူး ဖူးကော့ခ်က ဘောလုံးကို ဆွဲပြေးလာပြီး စပိန်ဂိုးပေါက်ထဲကို ညာခြေနဲ့ ပြင်းပြင်း ကန်သွင်းသွားတာပါတယ်။ 

ဒီပွဲမှာ ဂျာမနီအသင်းဟာ ဂိုးသမားနဲ့ တယောက်ချင်းတွေ့တဲ့ ကန်သွင်းခွင့်တွေအပါအဝင် ရတဲ့ အခွင့်အရေးတွေကို ဂိုးမဖြစ် မပြောင်းလဲနိုင်ခဲ့လို့ အနိုင်ရနိုင်တဲ့အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။

ဂျာမနီအသင်းဟာ အုပ်စုပထမပွဲစဉ်မှာတုန်းက ဂျပန်ကို ရှုံးနိမ့်ထားပြီး အခု စပိန်ကို သရေကျထားတာကြောင့် ရမှတ် ၁ မှတ်ပဲရထားကာ အုပ်စုနောက်ဆုံးမှာ ရပ်တည်နေပြီး နောက်တဆင့်တက် နိုင်ဖို့မရေမရာ အခြေအနေနဲ့ ကြုံနေရပါတယ်။ လာမယ့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကော်စတာရီကာနဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

စပိန်အသင်းကတော့ နှစ်ပွဲကစား ရမှတ် ၄ မှတ်နဲ့ အုပ်စုပထမနေရာက ရပ်တည်နေပြီး  ဂျပန်နဲ့ ကော့စတာရီကာတို့ ရမှတ် ၃ မှတ်စီနဲ့ အုပ်စုဒုတိယနဲ့ တတိယ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up