close

ကေအန်ယူနယ်မြေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ လေယာဉ်ဖြင့် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)လက်အောက်ခံ တပ်မဟာ(၁) သထုံခရိုင် ဌာနချုပ်ရုံးစိုက်ခဲ့တဲ့ တိုတယ်ခီးရုံးဟောင်းနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ကေအန်ယူ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က  ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက် ည ၁၁ နာရီနဲ့ ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က သထုံခရိုင် ဌာနချုပ်ရုံးဟောင်း နေရာကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရုံးအဆောက်အဦး ၂ ခု ထိခိုက်ပျက်စီးပြီး  လူထိခိုက်ဒဏ်ရာတာတော့ မရှိဘူးလို့ သိရပါတယ်။

ကေအန်ယူ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က  “ဒီနေရာက ကျနော်တို့ မနေတာကြာပြီ၊ အဲနေရာက အရင်တုန်းကတော့ ဌာနချုပ်လုပ်တဲ့ နေရာပေါ့၊ လူတော့ မထိဘူး၊ အဆောက်အဦးတွေပဲ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်း လေယာဉ်နဲ့ ကင်းထောက်လှမ်းမှုတွေ ဆက်တိုက်ပြုလုပ်တာကြောင့် ဗုံးကြဲတိုက်ခိုက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်တာအပြင် စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့အတွက် နှစ်ဖက် စစ်ရေးဆက်လက် တင်းမာနေတာပါ။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာလည်း ကဒါဘက်က အသင့်နေရာယူထားတဲ့ စစ်တပ်တွေဟာ ကျိုက်မရောမြို့နယ်က ကရင်ရွာတွေဖြစ်တဲ့ လှကဇိုင်းနဲ့ တော်ပလော့ရွာဘက်ကို နိုဝင်ဘာ ၂၇ ရက်ညနေ ၃ နာရီလောက်က စပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ရွာသားတွေ စစ်ဘေးရှောင်နေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြား စောင့်တပ် BGF စစ်အင်အား ဖြည့်ခဲ့ပြီး မုဒုံ  အမြောက်တပ်က မွန်ကရင်နယ်စပ် တောင်ကလေးရွာအလွန်မှာ ရှိတဲ့ လှကဇိုင်းရွာနဲ့ တော်ပလော့ ရွာဘက်ကိုလည်း ပစ်ခတ် နေတာပါ။

အခု ပစ်မှတ်ထားအပစ်ခံနေရတဲ့ ကျေးရွာဝန်းကျင်ရွာတွေမှာ ရာနဲ့ချီပြည်သူတွေ  ဘေးလွတ်ရာ ပြေးနေကြရပြီ မုဒုံ ဂျုံးဂျုံးဂျ ဆရာတော်ကားတွေနဲ့ ရွာသားတွေကို စစ်ရှောင်ဖို့ လာကြိုသွားတယ်လို့ သိရပါတယ်။

စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် လောလောဆယ်တော့ ထိခိုက်မှု ရှိ၊ မရှိ မသိရှိရသေးသလို  အဲဒီဝန်းကျင်နေရာတွေကို စစ်အင်အားအပြည့်နဲ့ နေရာယူ ပိတ်ဆို့ထားတယ် လို့ PDF သတင်းရင်းမြစ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up