close

ဖျာပုံအခြေစိုက် သတင်းထောက် ကိုမျိုးစံစိုး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ သတင်းထောက် ကိုမျိုးစံစိုးကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဖျာပုံမြို့မှာ သတင်းထောက်အလုပ်သာ လုပ်ကိုင်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ ဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

“သူက ကိုဗစ်ကာလမှာလည်း မြို့မှာ ပရဟိတပိုင်းကို လိုက်လုပ်တာရှိတယ်၊ အာဏာမသိမ်းခင်ထိတော့ သတင်းထောက်လုပ်တာ၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နားလိုက်တယ်ပြောတယ်။ အဲ့တာကို ခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာတော့ မဖြစ်သင့်ဘူးထင်တယ်” လို့ ဧရာဝတီတိုင်းအခြေစိုက် သတင်းထောက်တဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ကိုမျိုးစံစိုးအား ဖမ်းဆီးပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀ (ည)၊ ၅၂ (က) စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး စုစုပေါင်းပြစ်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

သတင်းထောက်ကိုမျိုးစံစိုးဟာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေချိန် ရဲတွေလာခေါ်လို့ လိုက်သွားရာကနေ ဖုန်းထဲမှာ PDF အဖွဲ့ဝင်တွေနဲ့ စကားပြောထားတာတွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခုလိုမျိုး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခဲ့တာလို့ ကိုမျိုးစံစိုးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သတင်းသမားဖြစ်တာကြောင့် အလွှာအားလုံးမှာ ရှိတဲ့သူတွေနဲ့ ဆက်သွယ်ပြောဆိုရနိုင်ပြီး ခုလိုမျိုး မတရားတဲ့ မသက်ဆိုင်တဲ့ ပုဒ်မတွေတပ် ထောင်ဒဏ်ချတာဟာ လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်သာဖြစ်တယ်” လို့ ပြောပါတယ်။

ဖျာပုံမြို့ခံ သတင်းထောက် ကိုမျိုးစံစိုးဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတာဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်ကို ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up