အိန္ဒိယတွင် ဆိပ်ကမ်းစီမံကိန်းရပ်ရန် ကြိုးစားသည့် ကက်သလစ်ဘုရားကျောင်းကို ဆန္ဒပြ

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဒေါ်လာသန်း ၉၀၀ တန် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ထောက်ခံတဲ့ ဟိန္ဒူအုပ်စုထဲက ရာချီတဲ့လူတွေဟာ စီမံကိန်းကို ရပ်ဖို့ကြိုးစားနေတဲ့ ဒေသခံ ကက်သလစ်ဘုရားကျောင်းကို ဆန့်ကျင်တဲ့အနေနဲ့ နိုဝင်ဘာ ၃၀ ရက်က ကြွေးကြော်ချီတက် ဆန္ဒပြကြပါတယ်။
ခရစ်ယာန်ငါးဖမ်းအသိုက်အဝန်း အများစုရဲ့ ကန့်ကွက်မှုကြောင့် လေးလနီးပါးကြာအောင် ရပ်ထားရတဲ့ အဒါနီအုပ်စုရဲ့ ဆိပ်ကမ်းအဝင်ဝကို မရောက်မီ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက အရံအတားတွေကို တပ်ဆင်ထားပြီး ထောက်ခံသူတွေကို ပိတ်ဆို့ထားပါတယ်။
ဗစ်ဂျစ်ဂျမ်မြို့က ဆိပ်ကမ်းစီမံကိန်းဟာ သူတို့ရဲ့ စားဝတ်နေရေးကို ထိခိုက်ပျက်ပြားစေတယ်လို့ ခရစ်ယာန် ငါးဖမ်းသမားအများစုက ပြောပါတယ်။
ဘီလျံနာသူဌေး ဂေါ့တမ် အဒါနီရဲ့ လုပ်ငန်းစုနဲ့ ကဲရာလာ ပြည်နယ်အစိုးရတို့ကတော့ ဆိပ်ကမ်းက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်ဆိုတဲ့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
“ကဲရာလာပြည်နယ်မှာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ဖို့ အလုပ်အကိုင်တွေ အာမခံချက်ပေးနိုင်တဲ့ ပတ်ဝန်းကျင်တခု ရှိသင့်တယ်။ ဒါကြောင့် ဆိပ်ကမ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်သင့်တယ်” လို့ ထောက်ခံတဲ့အဖွဲ့ရဲ့ စည်းရုံးရေးမှူး ကေပီ စာစီကာလာက ရွှေဝါရောင်အလံတွေ လွှင့်ထူထားတဲ့ စုဝေးပွဲမှာ ပြောပါတယ်။
ဟိန္ဒူအုပ်စုရဲ့ လုပ်ရပ်အတွက် ခွင့်ပြုချက်မပေးခဲ့ဘူးလို့ ဒေသခံရဲတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ ဟိန္ဒူနဲ့ ခရစ်ယာန် နှစ်ဖက်စလုံးကို ပိုပြင်းပြင်းထန်ထန် အရေးယူဖို့ ဆန္ဒမရှိပေမဲ့ ဒီလိုလုပ်ရပ်ကြောင့် လူမှုရေးနဲ့ ဘာသာရေး တင်းမာမှုတွေ အစပျိုးလာမှာကို စိုးရိမ်နေကြပါတယ်။