တရုတ်တက္ကသိုလ်တခုတွင် ကျောင်းသားများဆန္ဒပြ

တရုတ်နိုင်ငံအလယ်ပိုင်းက တက္ကသိုလ်တခုမှာ ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ ဒီဇင်ဘာ ၄ ရက်က အဲဒီတက္ကသိုလ်ရဲ့ ကိုဗစ်စည်းကမ်းမူဝါဒအပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ထီးတွေကိုင်ဆောင်ထားတဲ့ တက္ကသိုလ်ကျောင်းသားတွေက “ပွင့်လင်းမြင်သာ လုပ်ကြပါ၊ သတင်းတွေကို မဖုံးပါနဲ့” လို့ ဟစ်ကြွေးခဲ့ကြပါတယ်။
ကိုဗစ်ရောဂါပိုး ထိန်းချုပ်စီမံရေးဆိုင်ရာ မူဝါဒအပြောင်းအလဲကို ရှင်းရှင်းလင်းလင်း သိရတဲ့အထိ စောင့်ဆိုင်းရင်း တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအများစုက ပြန်လည်ငြိမ်သက်သွားပေမဲ့ စိုးရိမ်နေဆဲ မကျေနပ်နိုင်သေးတဲ့ သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ကပ်ရောဂါပိုးကို စတင်သိရှိခဲ့ကြပြီးနောက် သုံးနှစ်အတွင်းရောက်လာတဲ့ အချိန်ထိ ကိုဗစ်ပိုးနဲ့ ပတ်သက်ရင် နယ်မြေအလိုက် ပိတ်ဆို့လော့ဒေါင်းချတာတွေ ဆောင်ရွက်နေဆဲဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကိုဗစ် လုံးဝပျောက်ရေး အစီအစဉ်တွေဟာ ရောဂါပိုးနဲ့ အတူယှဉ်တွဲနေထိုင်နေကြတဲ့ ကမ္ဘာပေါ်က တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အလွန်ထူးခြားစွာ ကွဲထွက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာတော့ ကမ္ဘာ့အတင်းကျပ်ဆုံး ကိုဗစ်-၁၉ ထိန်းချုပ်မှု စည်းမျဉ်းတွေကို ဒီဇင်ဘာ ၅ ရက်မှာ ဖြေလျှော့လိုက်ပါတယ်။
တစိတ်တပိုင်း လျှော့ပေါ့ပေးခဲ့တဲ့ ဒီ ကိုဗစ်စည်းမျဉ်းတွေအပေါ် နိုင်ငံတဝန်း အမြင်ရှုပ်ထွေးနေကြပြီး တိကျတဲ့မူဝါဒတွေနဲ့အတူ ရှင်းရှင်းလင်းလင်းသိရဖို့ တရုတ်ပြည်သူတွေ မျှော်လင့်နေကြတာပါ။
ဘေဂျင်းမြို့မှာနေထိုင်သူဝူကတော့ ပေါ်လစီအပြောင်းအလဲတွေဟာ ရောက်တတ်ရာရာ ဖြစ်နေသလို ခံစားရပြီး မျှော်လင့်ထားတာထက်တော့ ပိုတယ်လို့ ဆိုပါတယ်။
တရုတ်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့လက မကြုံစဘူး ကိုဗစ်ရောဂါဆိုင်ရာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေပေါ်မှာ လေသံပြောင်းလာခဲ့တာပါ။ ဒေသအလိုက် အာဏာပိုင်တွေဟာ လော့ဒေါင်း ကန့်သတ်ချက်၊ ကွာရန်တင်း စည်းမျဉ်းတွေနဲ့ ကိုဗစ်စစ်ဆေးမှု လိုအပ်ချက်တွေအပေါ် တစိတ်တပိုင်း လျှော့ပေါ့ပေးမယ်လို့ ကြေညာခဲ့ပြီးနောက် အဓိကမြို့ကြီးတွေပေါ်က ဆန္ဒပြပွဲတွေလည်း မှေးမှိန် ပျောက်ကွယ်သွားပါတယ်။
တရုတ်အာဏာပိုင်တွေက ကိုဗစ်စစ်ဆေးမှု ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် တချို့ဒေသတွေမှာ ကိုဗစ်ရောဂါပိုး အသစ်ကူးစက်မှု အရေအတွက် ကျဆင်းသွားတယ်လို့လည်း သိရပါတယ်။