close

ဒုက္ခသည်အဖြစ် ခိုလှုံလာသူများကို အဓမ္မနေရပ်ပြန်မပို့ရေး ထိုင်းဥပဒေသစ်က ကာကွယ်ပေးနိုင်မလား

ထိုင်းနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းမှုကာကွယ်ရေး ဥပဒေအသစ်တရပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ပြဋ္ဌာန်းလိုက်တဲ့အတွက် ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသူ၊ နိုင်ငံစွန့်ခွာထွက်ပြေးလာသူတွေကို အတင်းအကျပ်ဖိအားပေး နေရပ်ပြန်လည်ပို့ဆောင်တာကနေ ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီဥပဒေပေါ်မှာ ထိုင်းအာဏာပိုင်တွေက ဘယ်အတိုင်းအတာထိ အကောင်အထည်ဖော်မလဲဆိုတာကိုတော့ သံသယရှိနေကြပါတယ်။ 

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် ဒုက္ခသည်တွေဟာ မလိုလားအပ်တဲ့ သူစိမ်းသူတွေအဖြစ် ဆက်ဆံခံရနိုင်ခြေရှိတယ်လို့ လန်ဒန်အခြေစိုက် နိုင်ငံတကာ ဥပဒေပညာရှင်များအစည်းအရုံး (IBA) ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အန္တရာယ်ကင်းစွာ စနစ်တကျနဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပုံမှန်နေရာချထားရေး ကမ္ဘာလုံးဆိုင်ရာ ပဋိညာဉ်နဲ့ ဒုက္ခသည်များအရေး ကမ္ဘာလုံးဆိုင်ရာ ပဋိညာဉ်တို့မှာ ပါဝင်သဘောတူညီခဲ့တဲ့ ထိုင်းနိုင်ငံဟာ အခုလက်ရှိမှာလည်း ဒုက္ခသည်ပေါင်း ၉၅,၀၀၀ ကျော်ကို လက်ခံထားပေးပါတယ်။

လက်တလောမှာ လာရောက်ခိုလှုံသူအများစုဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက သူတို့ကို ခေတ္တသာလက်ခံထားပြီးနောက် မြန်မာနိုင်ငံထဲကို ပြန်လည်ပို့ဆောင်တာတွေ လုပ်နေတယ်လို့  IBA က ထုတ်ပြန်တဲ့သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို ထွက်ပြေးခိုလှုံလာသူ ၂၀,၀၀၀ ခန့်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ခန့်မှန်းပြီး အဲဒီထဲက အများစုကတော့ ထိုင်းနိုင်ငံထဲမှာ ခေတ္တသာ နေထိုင်ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းသတင်းမီဒီယာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအတွက် ဝန်ကြီးချုပ် ပရာယွတ်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ လာရောက်ခိုလှုံသူတွေက ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံဘက်ကို ပြန်သွားကြတာဖြစ်ကြောင်းတွေကို ဖော်ပြကြတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းဘက်ထွက်ပြေးလာကြသူ ၂၀၀၀ ကျော်ကို မြန်မာဘက်ကို ပြန်ကြဖို့ ထိုင်းစစ်တပ်က  ၂၀၂၁ ခုနှစ် မေလထဲမှာ ဖျောင်းဖျခဲ့ကြောင်း UNHCR ရဲ့ ဌာနတွင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် အခုနှစ်မတ်လထဲမှာလည်း မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို ခြေကျင်ကူးလို့ရတဲ့ တံတားတစ်စင်းကို ထိုင်းစစ်သားတွေက ဖျက်ဆီးပစ်လိုက်ကြပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ဥပဒေလို့ လူသိများတဲ့ ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ လူမသိအောင် ဖမ်းဆီးခံရခြင်းများ ပပျောက်ရေးနဲ့ ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်း အတည်ပြုလိုက်ပြီဖြစ်လို့ ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို ပိုပြီးကာကွယ်ပေးတော့မယ့် နိုင်ငံအဖြစ် မြင်လာကြတော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက သံသယရှိသူတွေကို လူမသိသူမသိ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့အတွက် အဲဒီဥပဒေက အဓိက ရည်ရွယ်တာပါ။

အဲဒီဥပဒေပြဋ္ဌာန်းချက်ရဲ့ အပိုင်း ၁၃ မှာ “မည့်သည့်အစိုးရအဖွဲ့အစည်း သို့မဟုတ် အစိုးရအာဏာပိုင်မဆိုသည် လွှဲပြောင်းအပ်နှံပြီးနောက် လူမဆန်ရက်စက်စွာ သို့မဟုတ် ကိုယ်လက်အင်္ဂါ ဆုံးရှုံးပျက်စီးရသည်အထိ နှိပ်စက်ညှဉ်းပန်းခံရရန် သို့မဟုတ် လူမသိသူမသိ ဖမ်းဆီးထိန်းသိမ်းခံထားရနိုင်ရန် အလားအလာရှိသည်ဟု ယုံကြည်ယူဆရပါက မည်သူ့ကိုမှ နိုင်ငံခြားတိုင်းပြည်သို့ လွှဲပြောင်းပေးအပ်ခြင်းမပြုရ” လို့ ဖော်ပြထားပါတယ်။

အဲဒီဥပဒေကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြဋ္ဌာန်းအတည်ပြုခဲ့တာဖြစ်ပြီး တကယ့်လက်တွေမှာ အာဏာပိုင်တွေက ဘယ်လိုအကောင်အထည်ဖော် လိုက်နာကြမလဲ ဆိုတဲ့အပေါ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သံသယရှိနေကြပါတယ်။ 

“ထိုင်းမှာက ဥပဒေတွေတော့ ရှိတယ်၊ ဒါပေမဲ့ လက်တွေ့မှာ ဥပဒေအတိုင်း လိုက်နာဖို့ကတော့ ပြဿနာရှိနေတုန်းပဲ” လို့ Fortify Rights နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ထိုင်းနိုင်ငံသား ခွန်ခနွတ်ဝါသနာဘွန်းကို ကိုးကားပြီး IBA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref-Photo/IBA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up