close

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေ ၁ သိန်း ချမှတ်

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးကျော်မြင့်ကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မ ၁၇၁ တို့နဲ့ မနေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့တာဖြစ်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တမှုကို ထောင်ဒဏ်သုံးနှစ်နဲ့ နှစ်မှု ခြောက်နှစ်၊ ဒဏ်ငွေက တသိန်း၊ လဝကဥပဒေနဲ့ စွဲထားတဲ့အမှုကိုလည်း ဒီလထဲ အမိန့်ချမယ်လို့ ကြားတယ်။”

ဦးကျော်မြင့်အနေနဲ့ လဝကဥပဒေ ပုဒ်မ ၁၃(၁) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ တို့ကို ထပ်မံ တရားရင်ဆိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာလအတွင်း အမိန့်ချနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်အထင်ပြောရရင် ဒီနှစ်မကုန်ခင် အမိန့်တွေချမယ်ထင်တယ်။ ဒါမှ လွှတ်ငြိမ်းမှာပါလာမှာ။ ကျန်တဲ့အမှုတွေလည်း ဒီလထဲ အမိန့်ချမယ်လို့ ကြားတယ်။”

မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညပိုင်းက လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ချမ်းအေးသာစံမြို့နယ် တရားရုံးက ထောင်ပြေးမှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီးနောက် လှိုင်သာယာမြို့နယ်က တရားစွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်ဖို့ အင်းစိန်အကျဥ်းထောင်ကို ပြောင်းရွေှ့ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ဖျက်သိမ်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up