close

အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်စီရင်ခြင်း မရှိ 

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို အင်းစိန်ထောင်အတွင်းစစ်ခုံရုံးကနေ နို၀င်ဘာ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက် ဒီနေ့ ကြိုးပေးကွပ်မျက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီနေ့ညနေအထိ ဘာမှထူးထူးခြားခြားမရှိသေးဘူးလို့ မိဘတွေက ပြောပါတယ်။

“ထောင်ထဲက ကျနော်တို့ အဆက်အသွယ်တွေဆီက သိရတာတော့ ကလေးတွေ အခုအချိန်ထိတော့ အဆင်ပြေနေတယ်လို့ သိရတယ်။ အရင်တပတ်တော့ ထောင်ဝင်စာရယ်လို့ တွေ့လို့မရဘဲ ပါဆယ်ပဲ ပို့လို့ရတယ်၊ နောက်တနည်းက  ရှေ့တခေါက်ကတော့ ကျနော်တို့ တရားဝင်စာလေးပို့လို့ရတယ်၊ အများကြီးတော့ မဟုတ်ဘူး။ နေကောင်းအောင်နေ စိတ်ဓာတ်မကျနဲ့ အဓိကက ကျန်းမာအောင်နေလို့ပဲ ရေးလိုက်တယ်။ အဲဒီတုန်းက သေချာမသိရဘူး။ အခု ဒီနေ့သိရတော့စိတ်က နည်းနည်းသက်သာရတာပေါ့။ ညကတော့ တညလုံး အိပ်လို့တောင်မပျော်ဘူး။ ဒါပေမယ့် ဒီလိုပဲ ကြည့်တာတော့ စောင့်ကြည့်နေရမှာပေါ့။ သူတို့ကတော့ အဆင်ပြေတယ်ပြောတာပဲ” လို့ သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ မိဘတဦးက ပြောပါတယ်၊

မိဘတွေအနေနဲ့ အယူခံဝင်ဖို့ ကြိုးစားလို့ မရတာမို့ သေဒဏ်မှလျှော့ပေါ့ပေးဖို့ အသနားခံစာတင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

“ကိုယ့်သားသမီး သေဒဏ်ချမှတ်ခံရတာတော့ ခံစားရတာပေါ့ဗျာ၊ ကျနော်တို့မိဘတွေအနေနဲ့ကတော့ သေဒဏ်ကလွဲပြီး ဘယ်လိုအပြစ်ဒဏ်မျိုး ဘာပဲကျကျဆိုပြီး ကျနော်တို့ကတော့ အသနားခံတင်ပြီး တောင်းဆိုထားတာပါပဲ။ တသက်တကျွန်းဆိုလည်း ဖြေသိမ့်လို့ ရတယ်၊ ရှေ့ကိုလည်း ကျနော်တို့ မျှော်ကိုးစရာလေးတွေ ရှိသေးတာကိုး” လို့ ပြောပါတယ်။

ဒီနေ့ ကြိုးပေးမယ်ဆိုတဲ့ ကောလာဟလနဲ့ပတ်သက်ပြီး ကျောင်းသားတွေနဲ့ နီးစပ်တဲ့ ကျောင်းသားတယောက်က “ကောလာဟလဆိုတဲ့အတိုင်းပဲ ဘယ်က ဘယ်လိုထွက်လာလဲ မသိတဲ့ အခြေအမြစ်မရှိတဲ့ စကားတွေပါ။ လက်ရှိအချိန်ထိကတော့ ကျနော်တို့ရော မိသားစုတွေရော ဘာမှ မသိရသေးပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလက တောင်ဒဂုံမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ်ခွဲ မန်နေဂျာ ဒုဗိုလ်မှူးဟောင်း စောမိုးဝင်းကို ပစ်သတ်ခံရတဲ့အမှုအတွက် စွပ်စွဲချက်နဲ့ ကျောင်းသား ၇ ယောက်ကို သေဒဏ် ချမှတ်လိုက်ပြီး ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ ကြိုးပေးကွပ်မျက်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up