close

ပီရူးနိုင်ငံ၌ သမ္မတကတ်စတီလို ဖမ်းဆီးခံရပြီးနောက် အမျိုးသမီးသမ္မတသစ်တက်လာ 

ပီရူးနိုင်ငံမှာ သမ္မတပီဒရို ကတ်စတီလို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ဒုသမ္မတ ဒီနာဘိုလူအာတာက   ဒီဇင်ဘာ ၇ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ပီးရူးနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာပါတယ်။

သမ္မတသစ် ဖြစ်လာတဲ့ ဒီနာဘိုဘူအာတာဟာ ၂၀၂၆ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ယူမှာဖြစ်ပြီး နိုင်ငံမှာလအတော်ကြာ မတည်မငြိမ်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံရေးအရ ပဋိပက္ခတွေရပ်စဲဖို့ သမ္မတ အသစ်က တောင်းဆိုခဲ့ပါတယ်။ ဒီအစိုးရသစ်မှာ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးက အားလုံးပါဝင်လာဖို့ရှိတယ်လို့ လည်းဆိုပါတယ်။

ပီရူးနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး ပုန်ကန်မှု၊ ပူးပေါင်းကြံစည်မှုတို့နဲ့ စွပ်စွဲခံထားရတဲ့ သမ္မတ ပီဒရို ကတ်စတီလိုကတော့  ဒီဇင်ဘာလ ၇ ရက်က ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကာ ဝန်ကြီးချုပ်ဟောင်း အန်နီဘယ်တောရက်စ်နဲ့အတူ အကျဉ်းချခံနေရတာပါ။

ပီရူးသမ္မတပေဒရို ကက်စ်တီလိုဟာ အဖမ်းမခံရခင်က  ကွန်ဂရက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပမယ်လို့ ဒီဇင်ဘာ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။

နိုင်ငံတဝန်းရှိ နိုင်ငံသားတွေရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်ဖို့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတို့ကို ရည်ရွယ်ပြီး ရီပတ်ဘလစ်ကန် ကွန်ဂရက်ကို ယာယီဖျက်သိမ်းကာ ထူးခြားတဲ့ အရေးပေါ်အစိုးရတစ်ရပ်ကို ထူထောင်လိုက်ကြောင်း ကက်စ်တီလိုက ကြေညာခဲ့ပါတယ်။

အချိန် ၉ လထက် ပိုမကြာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲဖို့အတွက် ပါလီမန်လွှတ်တော်အသစ်ကို တတ်နိုင်သမျှ အမြန်ဆုံး ခေါ်ယူကျင်းပမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော်အသစ်ကို မစတင်မချင်း အမိန့်ဥပဒေနဲ့ အုပ်ချုပ်မှာဖြစ်ပြီး တစ်နိုင်ငံလုံး ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၇ ရက်၊ ည ၁၀ နာရီမှ စတင်ပြီး မနက် ၄ နာရီအထိ အမိန့်ချမှတ်ခဲ့ပါတယ်။

တရားမဝင် လက်နက်ကိုင်ဆောင်ထားသူ အားလုံးဟာ ၇၂ နာရီအတွင်း အမျိုးသား ရဲတပ်ဖွဲ့ဆီ လက်နက်တွေ လွှဲပြောင်းပေးကြဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်သူမှန်သမျှ ဥပဒေအရ  အပြစ်ပေးအရေးယူခံရမယ်လို့  ကတ်စတီလိုက ကြေညာခဲ့တာပါ။

ဒါပေမဲ့ အခုလိုအောက်လွှတ်တော်ကို ဖျက်သိမ်းပြီး အာဏာဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ ကတ်စတီလိုဟာ စွပ်စွဲပြစ်တင် ရာထူးကနေဖယ်ရှားခံခဲ့ရပြီး  ဖမ်းဆီးခံခဲ့ရတာကြောင့် သူရဲ့ ရွေးကောက်ပွဲသစ် အစီအစဉ် ရေစုန်မျောသွားခဲ့ပါတယ်။

လွှတ်တော်အမတ်တွေက ကတ်စတီလိုရဲ့ကြိုးပမ်းမှုအပေါ် လျစ်လျူရှုပြီး အရင်ကစီစဉ်ထားတဲ့ စွပ်စွဲပြစ်တင်မှုဆိုင်ရာ တရားခွင်အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။ 

တရားလွှတ်တော်မှာ သမ္မတကတ်စတီလိုကိုဖယ်ရှားဖို့အတွက်  ထောက်ခံမဲ ၁၀၁ မဲ၊ ကန့်ကွက်မဲ ၆မဲနဲ့ ကြားနေမဲ ၁၀မဲနဲ့ မဲခွဲဆုံးဖြတ်ခဲ့ တာပါ။

ရာထူးကနေ မဲပေးဖြုတ်ချခံခဲ့ရတဲ့ ပီရူးသမ္မတ ပီဒရို ကတ်စတီလိုအပေါ် ထောက်ခံသူတွေနဲ့ အဓိ ကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၇ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

ဒီခေါင်းဆောင်ဟောင်းကို ထိန်းသိမ်းထားတဲ့ ရဲစခန်းရှေ့မှာ အဓိကရုဏ်းဖြစ်ခဲ့ပြီး ကတ်စတီလိုကို ပုန်ကန်မှုစွဲချက်တွေနဲ့ လီမာမြို့တော် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ ရှေ့နေချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သမ္မတရာထူးကနေ ဖယ်ရှားခံရလို့ ဆန့်ကျင်ဆန္ဒပြနေသူတွေကို လုံထိန်းရဲတပ်ဖွဲ့က မီးကျည်တွေနဲ့ လူအုပ်ကိုရှင်းလင်းဖို့ ဝင်ရောက်လာတာကြောင့် နှစ်ဖက်ကြား တင်းမာမှုမြင့်တက်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up