ယူကရိန်းစစ်ပွဲကို ထိန်းချုပ်ရပ်တန့်ရန် ရုရှားကြိုးပမ်းနေဟု နေတိုးအကြီးအကဲပြော

ရုရှားဟာ လာမယ့်နွေဦးရာသီမှာ ပိုကြီးတဲ့ ထိုးစစ်အတွက် ပြင်ဆင်ဖို့ ယူကရိန်းနဲ့ လက်ရှိစစ်ပွဲကို ထိန်းချုပ်ရပ်တန့်ဖို့ ကြိုးပမ်းနေတယ်လို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က ဒီဇင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။
Financial Times သတင်းဌာနရဲ့ Global Boardroom အစီအစဉ်နဲ့ အင်တာဗျူးတခုမှာ စတော့တန်ဘာ့ဂ်က ခုလိုပြောလိုက်တာပါ။
ရုရှားစစ်တပ်ဟာ ဒီတိုက်ခိုက်မှုမတိုင်မီ ပြန်စုဖွဲ့နိုင်၊ ပြုပြင်နိုင်၊ ပြန်ထူထောင်နိုင်စေဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းရဲ့ “မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်” ကို ထောက်ခံတယ်လို့လည်း ထုတ်ပြောခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေအနေတွေ ပြည့်မီခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ စတော့တန်ဘာ့ဂ်က ရုရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို လေးစားတဲ့ စေ့စပ်ညှိနှိုင်းမှုမှာ ပါဖို့ လက္ခဏာ မပြထားဘူးလို့ ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ နီးကပ်တဲ့ဆက်ဆံရေးဟာ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ရုရှားက ပြောရင်း ဖေဖော်ဝါရီလမှာ သူ့ရဲ့ “အထူးစစ်ဆင်ရေး” ကို စတင်ခဲ့ပါတယ်။
ယူကရိန်းအစိုးရနဲ့ မဟာမိတ်တွေက ကျူးကျော်စစ်ဟာ တရားမဝင် ကျူးကျော်စစ်လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂက ရေတွက်ထားတဲ့ အရပ်သားသေဆုံးမှု အနည်းဆုံး ၆,၇၀၀ အပါအဝင် ယူကရိန်း စစ်ပွဲအတွင်း လူသောင်းချီ သေဆုံးခဲ့ပါတယ်။
ရုရှားကတော့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာ ဒါမှမဟုတ် သိမ်းပိုက်ထားတဲ့နယ်မြေမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။