ရွှေ့ပြောင်းနေထိုင်သူ ၁,၅၀၀ ခန့် အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် စောင့်ဆိုင်းနေ

မက္ကဆီကိုနိုင်ငံကနေ ရီယိုဂရန်ဒီမြစ်ကို ညတွင်းချင်း ဖြတ်ကျော်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁,၅၀၀ လောက်ဟာ ဒီဇင်ဘာ ၁၃ ရက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့ နယ်နိမိတ်စည်းရိုးအနီးကို ရောက်ရှိလာခဲ့ပြီး အမေရိကန် နယ်ခြားအာဏာပိုင်တွေဆီ မှတ်ပုံတင်ဖို့ စောင့်ဆိုင်းနေကြပါတယ်။
အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ပိတ်ဆို့ထားတဲ့ ကပ်ရောဂါ အမိန့်သက်တမ်းမကုန်မီ ဧရိယာအတွင်း ရွှေ့ပြောင်းဝင်ရောက်မှု တိုးလာနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး (CBP) ဟာ ဒီဇင်ဘာ ၁၁ ရက်က အယ်လ်ပါဆိုနယ်မြေထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၂,၄၀၀ လောက်ကို ကြုံတွေ့ခဲ့ရကြောင်း အယ်လ်ပါဆိုမြို့က ထိန်းသိမ်းထားတဲ့ ဝက်ဘ်ဆိုက်အရ သိရပါတယ်။
CBP ဟာ နိုဝင်ဘာလအတွက် သူ့ရဲ့ကိုယ်ပိုင်စာရင်းတွေကို မထုတ်ပြန်သေးပေမဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေက အယ်လ်ပါဆိုမှာ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ထိပ်တိုက်တွေ့မှုတွေက မနှစ်ကထက် သိသိသာသာ တိုးလာခဲ့ပါတယ်။
ဒီလိုတိုးလာရတဲ့ အကြောင်းရင်း အတိအကျကို မဆုံးဖြတ်နိုင်ပေမဲ့လည်း အမိန့်စာက သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အမေရိကန် အာဏာပိုင်တွေဟာ ဒီဇင်ဘာ ၂၁ ရက်ကစပြီး ရွှေ့ပြောင်းဝင်ရောက်မှုတွေ နောက်ထပ် တိုးလာနိုင်မှုတွေအတွက် ပြင်ဆင်နေပါတယ်။
ဒီအမိန့်ဟာ ကိုဗစ်-၁၉ ပြန့်ပွားမှုကို ဟန့်တားဖို့ အမိန့်ထုတ်ထားတာဖြစ်ပြီး ဒီအမိန့်ကြောင့် အာဏာပိုင်တွေဟာ နယ်စပ်မှာဖမ်းမိထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်မှာ ခိုလှုံခွင့်တောင်းဆိုဖို့ အခွင့်အရေးမပေးဘဲ မက္ကဆီကို သို့မဟုတ် တခြားနိုင်ငံတွေကို ပြန်ပို့ခွင့်ပြုထားပါတယ်။