close

တူရကီသမ္မတကို စိန်ခေါ်သူ အတိုက်အခံနိုင်ငံရေးသမား ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံရ

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တော်ဝန် အစ်ခရမ် အီမန်မော်ဂလူကို ၂၀၁၉ စည်ပင်ရွေးကောက်ပွဲ မိန့်ခွန်းအတွင်း ပြည်သူ့အရာရှိတွေကို စော်ကားမှုနဲ့ ဒီဇင်ဘာ ၁၄ ရက်က ထောင်ဒဏ် ၂ နှစ် ၇ လ ချမှတ်ခဲ့ပါတယ်။

လာမယ့်နှစ် ရွေးကောက်ပွဲမှာ သမ္မတတာယစ်အာဒိုဂံကို အပြင်းအထန် စိန်ခေါ်သူအဖြစ် ရှုမြင်ခံထားရတဲ့ အတိုက်အခံ နိုင်ငံရေးသမားဖြစ်တဲ့ အီမန်မော်ဂလူကို နိုင်ငံရေးမှာ ပါဝင်ခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ကိုလည်း ချမှတ်ခဲ့ပါတယ်။

အမှုအတွက် အယူခံတရားရုံးက အတည်ပြုရမှာဖြစ်ပြီး ဇွန်လမှာကျင်းပမယ့် ရွေးကောက်ပွဲ ပြီးတဲ့အထိ အမှုက သက်တမ်းရှည်သွားမယ့် အလားအလာ ရှိနေပါတယ်။

အာဒိုဂံကို ဦးဆောင်စိန်ခေါ်သူအဖြစ် သတ်မှတ်ခံထားရတဲ့ အီမန်မော်ဂလူဟာ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်မီ ခြောက်လအလိုမှာ ခုလို တရားရုံးက စီရင်တာ ခံရတာပါ။ သူ့ပါတီကတော့ အဓိက အတိုက်အခံ သမ္မတလောင်းကို မရွေးချယ်ရသေးပါဘူး။

အတိုက်အခံ ရီပတ်ဗလစ်ကင် ပြည်သူ့ပါတီ (CHP) က အီမန်‌မော်ဂလူဟာ အစ္စတန်ဘူလ် ရွေးကောက်ပွဲအပြီး မိန့်ခွန်းပြောရာမှာ အာဒိုဂံရဲ့ AK ပါတီက ကိုယ်စားလှယ်လောင်း တဦးကို ပွတ်ကာသီကာ မဲရှုံးလို့ ကြိုတင်မဲတွေကို ဖျက်သိမ်းသွားသူတွေလို့ ပြောရင်း အပြစ်တင်ခဲ့ပါတယ်။

ဒီမှတ်ချက်ဟာ ပြည်ထဲရေးဝန်ကြီး ဆူလေမန် စွိုင်လူက အီမန်‌မော်ဂလူ အပေါ် ပြောခဲ့တဲ့အတိုင်း ထပ်တူ တုံ့ပြန်ပြောဆိုခဲ့တာလို့ သူက ပြန်ပြောပါတယ်။

ကနဦးမဲရလဒ်တွေကို ဖျက်သိမ်းပြီးတဲ့နောက် ပြန်လည်အရွေးခံတဲ့ ရွေးကောက်ပွဲကို အီမန်မော်ဂလူက အသာအယာ အနိုင်ရပြီး AKP နဲ့ အစ္စလာမ္မစ်ခေါင်းဆောင်တွေ လက်အောက်မှာ ၂၅ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပါတယ်။

တူရကီတရားရုံးတွေက အာဒိုဂန်ရဲ့ဆန္ဒကို လိုက်လျောညီထွေ ဖြစ်စေတယ်လို့ ဝေဖန်သူတွေက ပြောပေမဲ့ တရားစီရင်ရေးက လွတ်လပ်တယ်လို့ အစိုးရက တုံ့ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up