close

အာဖဂန်-ပါကစ္စတန်နယ်စပ်တွင် တိုက်ပွဲထပ်ဖြစ်၊ အရပ်သား ၁ ဦးသေပြီး ၁၂ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နယ်စပ်က အဓိကကျတဲ့ ချာမန်-စပင်န် ဘိုလ်ဒါ့က် နယ်စပ်ဂိတ် အနီးမှာ ဒီဇင်ဘာ ၁၅ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေထပ်ဖြစ်ခဲ့လို့ အရပ်သားတဦး သေဆုံးပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် တခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲလို့လည်း ပါကစ္စတန်နယ်စပ်ရှိ ချာမန်မှ ဒေသခံ အရာရှိတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်နဲ့ အာဖဂန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကူးနေရာအနီးမှာ နယ်စပ်ဖြတ်ကျော် အမြောက်ပစ်ခတ်မှုနဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် ပါကစ္စတန်အရပ်သား ရှစ်ဦးနဲ့ အာဖဂန်စစ်သားတဦး သေဆုံးခဲ့ပါတယ်။

နယ်စပ်တလျှောက် တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ချာမန်ရှိ ဒေသဆိုင်ရာဆေးရုံမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ပြင်ပဝန်ထမ်းတွေကိုပါ ထပ်တိုးခေါ်ယူထားပါတယ်။

ဒဏ်ရာရရှိသူ ၁၁ ဦးကို ကုသပေးခဲ့ပြီး လေးဦးကို ကုသမှုခံယူခွင့်ပြုထားကြောင်းနဲ့ ကုသမှုပြီးသွားတဲ့ ကျန်တဦးကို အိမ်ပြန်ခိုင်းလိုက်ပြီဖြစ်ကြောင်း ချာမန်ခရိုင်ဌာနချုပ်ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူး ဒေါက်တာ အဗ္ဗဒူလ် မာလိခ် အချက်ခ်ဇိုင်က ရိုက်တာကို ပြောပါတယ်။

တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်နယ်စပ်ကနေ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပျက်စီးသွားတဲ့ နယ်စပ်ခြံစည်းရိုးအပိုင်းကို ပါကစ္စတန်တပ်ဖွဲ့တွေက ပြုပြင်နေချိန် ကြာသပတေးနေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာလို့ ဘာလိုချီစတန် ပြည်နယ်အရာရှိ ဇာဟစ် ဆာလင်းမ်က ရိုက်တာကို ပြောပါတယ်။

တနင်္ဂနွေနေ့က ထိပ်တိုက်တွေ့ဆုံမှုတွေအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ဟာ သူတို့ရဲ့နယ်စပ်မှာ နယ်မြေအငြင်းပွားမှုက ဆယ်စုနှစ်များစွာ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့လကလည်း အလားတူတိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာ ချာမန် နယ်စပ်ဖြတ်ကူးမှုကို ရက်အတော်ကြာ ပိတ်ထားခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up