ဗိုလ်လုပွဲမတိုင်ခင်ငြိမ်းချမ်းရေးစကားပါးချင်သည့် ယူကရိန်းသမ္မတ၏ ကမ်းလှမ်းချက်ကို ဖီဖာပယ်ချ

ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင်မှာ ဗီဒီယိုဖိုင်ကနေတဆင့် ငြိမ်းချမ်းရေးအမှာစကားပါးချင်တဲ့ ယူကရိန်း သမ္မတ ဇလန်းစကီးရဲ့ကမ်းလှမ်းချက်ကို ဖီဖာက ပယ်ချလိုက်ပါတယ်။
ယူကရိန်းသမ္မတဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး G20 ထိပ်သီးဆွေးနွေးပွဲအပါအဝင် ရုပ်ရှင်ပွဲတော်တွေမှာလည်း ဗီဒီယိုဖိုင်ကနေတဆင့်တင်ပြခဲ့ပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာလည်း ကွင်းထဲကပရိသတ်တွေနဲ့ ရုပ်သံကပရိသတ်တွေကို ယူကရိန်းနိုင်ငံက အခြေအနေတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အခြေအနေတွေကို မိနစ်အနည်းငယ် ပြောပြလိုတာဖြစ်ပါတယ်။
ဖီဖာဘက်က လက်မခံဘဲပယ်ချခဲ့ပြီး အကြောင်းပြချက်တော့မပေးသေးဘူးလို့သိရပါတယ်။ ဒါပေမဲ့တခြားတနည်းတဖုံနဲ့ ထည့်သွင်းဖို့ကိုတော့ လက်ခံဖွယ်ရှိပြီး ဗိုလ်လုပွဲမတိုင်ခင် ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။