ချီလီတွင် အပူချိန် စံချိန်တင် မြင့်တက်

ချီလီနိုင်ငံမှာ ဒီတပတ်အတွင်း အပူလှိုင်းဖြတ်သန်းမှုကြောင့် တချို့ဒေသတွေမှာ အပူချိန် စံချိန်တင် မြင့်တက်ခဲ့ပြီး မိုးရွာသွန်းမှုလည်း မရှိတာကြောင့် လက်ရှိလောင်ကျွမ်းနေတဲ့ တောမီးကို ပိုမို ပြင်းထန်လာစေပါတယ်။
တောင်အမေရိကနိုင်ငံမှာ တောမီးလောင်ကျွမ်းမှုကြောင့် ဧက ၁၇၀၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ ချီလီအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
မြို့တော် ဆန်တီယာဂိုရဲ့ ကောင်းကင်မှာ မီးခိုးတွေနဲ့ ပြည့်နေတဲ့အတွက် ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားကြောင်း ဒီဇင်ဘာ ၁၆ ရက်က တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
နိုင်ငံပိုင်အမျိုးသားသစ်တောဆိုင်ရာကော်ပိုရေးရှင်း (Conaf) က မီးသတ်သမားတွေဟာ နိုင်ငံရဲ့ အလယ်ပိုင်းဒေသရှိ တောမီးပြင်းထန်တဲ့နေရာ ၁၈ ခုနဲ့အတူ နိုင်ငံတောင်ပိုင်းက နေရာ အနည်းငယ်မှာလည်း ဒီမီးလောင်ကျွမ်းမှုကို ကိုင်တွယ် ဖြေရှင်းနေတယ်လို့ ဆိုပါတယ်။
ဗယ်လ်ပရေးဆို-ဒေသရှိ တည်နေရာအများအပြားထဲမှာမှ အိမ်ခြေ ၄၀ နီးပါးဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
လူဦးရေ ၆ သန်းနီးပါး နေထိုင်တဲ့ ဆန်တီယာဂိုမြို့ဟာ အနီးအနားရှိ ကူရာကာဗီ ကျေးလက်မြို့လေးမှာ မီးလောင်ကျွမ်း နေမှုကြောင့် မီးခိုးမြူတွေပြည့်နှက်လာခဲ့တဲ့အတွက် မြို့နေလူထုဟာ ဒီဇင်ဘာ ၁၆ ရက်က နိုးကြားလာခဲ့ကြပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ပြည်သူ့ကျန်းမာရေးဆိုင်ရာသတိပေးချက် ထုတ်ပြန်ထားပြီး တောမီးပျံ့နှံ့ လာမှုကို ထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေ ထပ်မံပေးပို့ထားကြောင်း ချီလီအစိုးရက ဒီတပတ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။