ပီရူး-ဘိုလီးဗီးယား နယ်စပ်လမ်းပေါ်တွင် ကုန်တင်ကားများ ပိတ်ဆို့ ဆန္ဒပြ

ဖြုတ်ချခံရတဲ့ ပီရူးသမ္မတဟောင်း ပီဒရိုကတ်စတီလိုအပေါ် ထောက်ခံသူတွေဟာ ပီရူးနိုင်ငံနဲ့ ဘိုလီးဗီးယား နိုင်ငံကြားက အရေးကြီးတဲ့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းမှာ ဒီဇင်ဘာ ၁၆ ရက် က လမ်းပိတ်ဆို့ဆန္ဒပြနေတာကြောင့် ကုန်တင်ထရပ်ကားတွေ ရပ်ထားရပြီး လမ်းမတွေပေါ်မှာ ခရီးသွားတွေ သောင်တင်နေကြပါတယ်။
နိုင်ငံအတွင်း အချိန် အကန့်အသတ်မရှိ သပိတ်မှောက်မှုစတင်ကြောင်း ပီရူးနယ်စပ်မြို့ ဒီဆာဂွယ်ဒယ်ရိုမှ ပီရူးနိုင်ငံသားတွေက ပြောဆိုပါတယ်။
ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ ရာနဲ့ချီတဲ့ ထရပ်ကားတွေဟာ ဒီဆာဂွယ်ဒယ်ရိုမြို့က လမ်းဆုံတခုမှာ ရပ်နားထားရပြီး လိုရာခရီးကိုရောက်အောင် လှေကိုသုံးပြီး နယ်စပ်က မြစ်ကို ဖြတ်ကူးသွားသူတွေလည်း ရှိပါတယ်။
ကတ်စတီလို ရာထူးဖြုတ်ချခံရမှုကြောင့် ဒေါသတကြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ဆန္ဒပြသူ တွေဟာ ရွေးကောက်ပွဲကို စောစောကျင်းပပေးရေး၊ ကွန်ဂရက်လွှတ်တော် ဖျက်သိမ်းရေး၊ တိုင်းပြုပြည်ပြုလွှတ်တော်အသစ် ခေါ်ယူရေးနဲ့ လက်ရှိသမ္မတသစ် ဒီနာဘိုလူအာတာကို ရာထူး ကနေ နုတ်ထွက်ပေးရေးစတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။
ဒီဇင်ဘာ ၁၆ ရက်မှာလည်း ဆန္ဒပြမှုတွေ ဆက်ဖြစ်ပွားခဲ့ပြီး အဓိကလမ်းမတွေကို ပိတ်ဆို့ထား ပြီးတော့ လေဆိပ်တွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။
ဒီဆန္ဒပြမှုတွေအတွင်း အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရပြီး အဲ့ဒီထဲက အနည်းဆုံး ၅ ဦးဟာ သွယ်ဝိုက်တဲ့ အကျိုးဆက်တွေကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။