close

တူရကီ အတိုက်အခံနိုင်ငံရေးသမားကို ထောင်ချခဲ့မှုအပေါ် ပြည်သူထောင်ချီ ဆန္ဒပြ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်ဝန် အီမန်မော်ဂလူကို ပြစ်ဒဏ်ချမှတ်မှု၊ နိုင်ငံရေးအရ ပိတ်ပင်မှုတို့အပေါ် ဆန့်ကျင်တဲ့အနေနဲ့ လူထောင်ပေါင်းများစွာဟာ ဒီဇင်ဘာ ၁၅ ရက်က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

လာမယ့်နှစ် ဇွန်လမှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် လက်ရှိသမ္မတ တာရစ်အာဒိုဂန်နဲ့ သူ့ရဲ့ အာဏာရ အေကေပါတီကို ဝေဖန်တဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြသူတွေက သံပြိုင် အော်ဟစ်ခဲ့ကြပါတယ်။

သမ္မတ အာဒိုဂန်ရဲ့ လူသိများတဲ့ ပြိုင်ဘက်တဦးဖြစ်တဲ့ အီမန်‌မော်ဂလူကို ဒီဇင်ဘာ ၁၄ ရက်မှာ တူရကီတရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၇ လ ချမှတ်ခဲ့ပြီး တားမြစ်ချက်ကိုတော့ အယူခံတရားရုံးက အတည်ပြုရမှာဖြစ်ပါတယ်။

ဒီစီရင်ချက်ဟာ ဒီမိုကရေစီကို အလွဲသုံးစားပြုမှုလို့ ပြည်တွင်းပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

ဝေဖန်သူတွေကတော့ တရားရုံးက အာဒိုဂန်ရဲ့ အလိုအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုနေကြပြီး အစိုးရဘက်ကလည်း ဒီတရားစီရင်မှုဟာ လွတ်လပ်မှုရှိတယ်လို့ တုံ့ပြန်ပါတယ်။

အီမန်‌မော်ဂလူရဲ့ ရီပတ်ဗလီကန် ပြည်သူ့ပါတီ (CHP) က ဦးဆောင်ပြီး အာဒိုဂန်ကို ဆန့်ကျင်တဲ့ ၆ ပါတီ အတိုက်အခံ မဟာမိတ်အဖွဲ့ဟာ သမ္မတလောင်း ကိုယ်စားလှယ်ကို ရွေးချယ်ဖို့ သဘောတူညီမှု မရသေးပါဘူး။

အီမန်‌မော်ဂလူကိုတော့ ဖြစ်နိုင်ခြေရှိတဲ့ စိန်ခေါ်သူအဖြစ် သတ်မှတ်ခံရပြီး အာဒိုဂန်ကို အနိုင်ယူလိမ့်မယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။

တရားရုံးရဲ့ စီရင်ချက်ကို အတည်ပြုခဲ့ရင် ရွေးကောက်ပွဲ ဝင်ပြိုင်ခြင်းကနေ တားမြစ်ခံရဖို့ ရှိနေပါတယ်။

အီမန်‌မော်ဂလူဟာ ၂၀၁၉ ခုနှစ် အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် သူပြောကြားခဲ့တဲ့ မိန့်ခွန်းတခုမှာ အစိုးရအရာရှိတွေကို စော်ကားခဲ့တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာပါ။

ရလဒ် ပယ်ဖျက်ခံရပြီးနောက် ပြန်လည်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အီမန်‌ေမာ်ဂလူက သက်တောင့်သက်သာ အနိုင်ရရှိခဲ့တဲ့အတွက် အာဒိုဂန်ရဲ့ အေကေပါတီနဲ့ အစ္စလာမ္မစ်ခေါင်းဆောင်ဟောင်းတွေရဲ့ ၂၅ နှစ်ကြာ အုပ်စိုးမှုကို အဆုံးသတ်စေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up