close

ရုရှားသမ္မတပူတင် ယူကရိန်းစစ်ဆင်ရေးဌာနချုပ်ဆီသွားရောက်

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ စစ်ဆင်ရေးဌာနချုပ်ဆီ လာရောက်စဉ်က  ယူကရိန်းနိုင်ငံထဲက ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုကို ဘယ်လို ဆက်လုပ်သင့်တယ်ဆိုတဲ့ ထင်မြင်ချက်တွေ လက်နက်ကိုင်တပ်မှူးတွေဆီမှာ တောင်းဆိုခဲ့တယ်လို့ ရုရှား သမ္မတ နန်းတော်က ဒီဇင်ဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

၁၀ လကြာ တိုက်ပွဲတွေအတွင်း ဆက်တိုက်ရှုံးနိမ့်ခဲ့လို့ ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ခါခိဗ်၊ မကြာသေးမီက ခါဆွန်မြို့တွေကနေ ရုရှတပ်တွေ ဆုတ်ခွာခဲ့ရတာပါ။

ပူတင်က  အရန်တပ်တွေကို ခေါ်ခဲ့ရပြီး မဟာမိတ်တချို့နဲ့ စစ်ဘက်ဘလော့ဂါတွေက ရှားရှားပါးပါး ဝေဖန်ခဲ့ကြပါတယ်။

အောက်တိုဘာလမှာ လေတပ်ဗိုလ်ချုပ်ကြီး ဆာဂီလ် ဆူရိုဗစ်ကင်ကို စစ်ဆင်ရေး ဦးဆောင်ဖို့  ခန့်အပ်ခဲ့ပြီး ကတည်းက ရုရှားမြေပြင်တပ်ဖွဲ့တွေဟာ တိုက်ခိုက်မှုထက် ကာကွယ်ရေးကို ပိုမိုအာရုံစိုက်ခဲ့ကြပါတယ်။

ဆောင်းဝင်လာတာနဲ့အမျှ ယူကရိန်း မြို့တွေကို လေကြောင်းကနေ တိုက်ခိုက်လို့ သန်းနှင့်ချီတဲ့ ယူကရိန်း အရပ်သားတွေ အပူ၊ အလင်းရောင်နဲ့ ရေတွေမရှိဘဲ ရက်အတော်ကြာအောင် နေခဲ့ရပါတယ်။

စနေနေ့က ကရင်မလင်နန်းတော်ကနေ ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ ကာကွယ်ရေးဝန်ကြီး ဆာဂီလ်ရွှိုင်ဂူ၊  စစ်ဦးစီးချုပ် ဗလာရီ ဂျေရာဆီမော့ဗ်တို့အပါအဝင် လူတစ်ဒါဇင်လောက် တက်တဲ့ အစည်းအဝေးမှာသမ္မတ ပူတင်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ပူတင်ဟာ ပူးတွဲတာဝန်တပ်ဖွဲ့ ဌာနချုပ်မှာရှိတဲ့ တခြား ညီလာခံ စားပွဲတစ်မှာ စစ်ဘက်ဆိုင်ရာတပ်မှူးတွေရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

“စစ်ဆင်ရေး လမ်းညွှန်ချက်တစ်ခုစီမှာ တပ်မှူးတွေရဲ့ စကားကို နားထောင်မှာဖြစ်ပြီး၊ ကျနော်တို့ရဲ့ လတ်တလောနဲ့ အလယ်အလတ်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ အဆိုပြုချက်တွေကို ကျနော်ကြားချင်ပါတယ်” လို့ ပူတင်က ပြောပါတယ်။

ယူကရိန်း စစ်ဆင်ရေးဦးစီးမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ဆူရိုဗစ်ကင်ကိုလည်း ကရင်မလင် နန်းတော် ဝဘ်ဆိုက်က ရုပ်ငြိမ်ဓာတ်ပုံတွေမှာ အစည်းအဝေးတွေကို တက်နေတာ တွေ့ရပါတယ်။

ပူတင်ဟာ သောကြာနေ့တနေ့လုံးမှာ အလုပ်အဖွဲ့ဌာနချုပ်မှာ ကုန်ဆုံးခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က အင်တာဖက်စ် သတင်းဌာနကို ပြောခဲ့ပါတယ်။ ပူတင်ရဲ့ ခရီးစဉ်နဲ့ ဌာနချုပ်တည်နေရာ အပါအဝင် တခြားအသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up