close

ဂျာမန်ပြတိုက်မှ ခိုးယူခံရသည့် ဒေါ်လာသန်းပေါင်း ၁၂၀ တန် ကျောက်မျက် ရတနာများပြန်ရ

ဂျာမနီနိုင်ငံ ဂရွန်းနက်စ်ဂဝိုးလ်ဘယ်ပြတိုက်ရှိ သမိုင်းဝင်ဒရက်စ်ဒင် အနုပညာစုဆောင်းမှုကနေ ခိုးယူခံခဲ့ရတဲ့ ဒေါ်လာသန်းပေါင်း ၁၂၀ တန်တဲ့  ကျောက်မျက် ရတနာအများစုကို ပြန်ရပြီလို့ ဂျာမန်ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ပိုလန်နိုင်ငံကချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်တခုဖြစ်တဲ့ အဖြူရောင်သိမ်းငှက်ပုံစံပါ ရင်ဘတ် ကြယ်တခုနဲ့အတူ စိန်တွေနဲ့တန်ဆာဆင်ထားတဲ့ ခေါင်းစွပ်ဝတ်စုံတခုအပါအဝင် ခိုးယူခံခဲ့ရတဲ့ အစိတ်အပိုင်း ၃၁ ခု ကို စုံစမ်းစစ်ဆေးသူတွေက ဘာလင်မြို့တော်မှာ လုံခြုံအောင် ဆောင်ရွက်ထားပြီးပြီလို့လည်း အာဏာပိုင်တွေက ပြောခဲ့တာပါ။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာက ဂရွန်းနက်စ်ဂဝိုးလ်ဘယ်ပြတိုက်ကို ချိုးဖောက်ဝင်ရောက်မှုနဲ့ တရားစွဲဆို ခံထားရတဲ့ဂျာမန်တွေဆီက ပြန်ရခဲ့တာလို့ သိရပါတယ်။ အခုလိုခိုးယူခံခဲ့ရတဲ့ အစိတ်အပိုင်းတွေဟာ ဥရောပရဲ့ အကြီးမားဆုံး အနုပညာစုဆောင်းမှုတွေထဲက တခုအပါအဝင်ပါ။ ဒီတန်ဖိုးကြီးပစ္စည်း တွေမှာ စိန်အရေအတွက် ၄၃၀၀ ကျော် ပါဝင်ပြီး ကာလတန်ဖိုးအားဖြင့် ယူရိုသန်းပေါင်း ၁၁၃ သန်းကျော် ရှိတယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်။

ဒီခိုးယူသူတွေဟာ ပြတင်းပေါက်သံဆန်ကာတခုရဲ့ အစိတ်အပိုင်းတွေကို လွှနဲ့ကြိုဖြတ်ထားခဲ့ပြီးမှ အဆောက်အအုံထဲကို တတ်နိုင်သမျှ အမြန်ဝင်ရောက် ခိုးယူခဲ့ပြီးတဲ့နောက် ဖြတ်ထားတဲ့ အစိတ်အပိုင်းတွေကို ပြန်လည်တပ်ဆင်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ အစိုးရ ရှေ့နေတွေက ယုံကြည် ထားကြပါတယ်။

လက်ရှိမှာပြန်ရထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို "ပစ္စည်းစစ်မှန်မှုနဲ့ အကောင်းပကတိ အတိုင်းရှိ၊မရှိ အတည်ပြုဖို့အတွက်" ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးသွားမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒရက်စ်ဒင်စိန်ဖြူလို့ အများသိထားကြတဲ့ အဖိုးတန်ကျောက်မျက်တခု တပ်ဆင် ထားတဲ့  ရွှေချည်ပန်းဖွားပါတဲ့ ပုခုံးဒေါက်တခုဟာလည်း အခုထိပျောက်ဆုံးဆဲ တန်ဖိုးကြီး အစိတ်အပိုင်းတွေထဲမှာ ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up