close

ပြည်ပရောက် CDM ဆရာဝန်များကုသပေးမည့် နွေဦးတော်လှန်ရေး အွန်လိုင်းဆေးခန်းဖွင့်လှစ်

ထိုင်ဝမ်နဲ့ ထိုင်းမှာ ရောက်ရှိနေကြတဲ့ မြန်မာ CDM ဆရာဝန်တွေပူးပေါင်းပြီး နွေဦးတော်လှန်ရေး အထောက်အပံ့ဖြစ်စေဖို့ အွန်လိုင်းဆေးခန်းတခုဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဘယ်အဖွဲ့အစည်း အထောက်အပံ့မှ မပါဘဲ ရည်ရွယ်ချက်တူတဲ့ CDM ဆရာဝန်တွေပူးပေါင်းပြီး လုပ်ဆောင်တာဖြစ်တယ်လို့ နွေဦးတော်လှန်ရေး အွန်လိုင်းဆေးခန်းတည်ထောင်သူက ပြောပါတယ်။

“ဘယ်အဖွဲ့အစည်းနဲ့မှ ပူးပေါင်းချိတ်ဆက်တာမရှိပါဘူး။ နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ သူငယ်ချင်းဆရာဝန်တွေကို အကူအညီတောင်းတော့ သူတို့လည်း ကူညီမယ်ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။ ရလာတဲ့ ရန်ပုံငွေတွေကို မြေပြင်က ကာကွယ်ရေးတပ်တွေဆီကို ထောက်ပံ့သွားမှာပါ။ ပြီးတော့ ကူညီပေးနေတဲ့ CDM ဆရာဝန်တွေအတွက် စေတနာကြေးလည်း ပေးသွားဖို့ရှိပါတယ်။ ဒါ့ကြောင့် ဆေးခန်းပြရင်းလည်း ကူလို့ လှူလို့ ရပါတယ်” လို့ ပြောပါတယ်

လက်ရှိမှာ ထိုင်ဝမ်နိုင်ငံက အထွေထွေရောဂါကုဆရာဝန်တယောက်နဲ့ ထိုင်းနိုင်ငံက အထွေထွေသမားတော်နဲ့ စိတ်ကျန်းမာရေးဆရာဝန်တွေအပါအဝင် စုစုပေါင်း လေးယောက်နဲ့ အွန်လိုင်းဆေးခန်းကို စတင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အွန်လိုင်းဆေးခန်းတည်ထောင်သူက “နိုင်ငံအလိုက် ဆရာဝန်တွေရဲ့ အားလပ်ချိန်တွေကိုညှိပြီး တနေ့ကို လူနာဆယ်ယောက်နှုန်းပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ အမျိုးသမီးဆိုလည်း အမျိုးသမီးဆရာဝန်နဲ့ ပြသနိုင်ပြီး အမျိုးသားတွေဆိုလည်း အမျိုးသားဆရာဝန်တွေနဲ့ ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအတွက် ကြိုတင်ဖောင်ဖြည့်ပေးဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ NwayOo Revolution Online Clinic ပေ့ချ်မှာ လာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်” လို့ ဆက်ပြောပါတယ်။

အဆိုပါ နွေဦးတော်လှန်အွန်လိုင်းဆေးခန်းကို အထွေထွေရောဂါတွေနဲ့ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ရောဂါတွေကို ဆွေးနွေးကုသမှုခံယူနိုင်ပြီး ဝန်ဆောင်ခအနေနဲ့ မြန်မာကျပ်ငွေ တစ်သောင်း သတ်မှတ်ထားပါတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up