close

ပုသိမ်မြို့နယ်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို ရဲကပြန်လွှတ်ပေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက်က အသက် ၂ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရပြီး ပြစ်မှုကျူးလွန်သူကို ရဲစခန်းမှူးက အရေးမယူဘဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂ နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်သူ မြင့်ဆန်းဆိုသူဟာ ဒေသခံမဟုတ်ဘဲ တခြားနေရာက ရောက်လာသူဖြစ်ပြီး အရင်က ထောင်ကျဖူးသူ တယောက်လည်းဖြစ်သလို ကလေးငယ်ကို အိမ်ထဲဝင်ရောက်ခေါ်ဆောင်သွားပြီး နောက်တနေ့မနက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အဲ့ညက ကလေးအဖေနဲ့သူက အရက်လာသောက်တာ၊ ပြီးတော့ ကလေးကို အိပ်နေတုန်းခေါ်သွားတာ၊ အဲ့ညလိုက်ရှာတာ မတွေ့ဘူး၊ မနက်ပိုင်းမှ ကလေးကို ပြန်လွှတ်ပေးလိုက်တာ။ ခုကလေးက ဆေးရုံတင်ထားရတယ်။ သူကိုယ်တိုင်လည်း ဝန်ခံထားတာတဲ့၊ အဲ့တာကို ရဲစခန်းမှူး ဒုရဲအုပ် ဆန်းထွန်းက အမှုမဖွင့်ပေးတာ” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ မြင့်ဆန်းဆိုသူဟာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ကြောင်း ကျေးရွာ တာဝန်ရှိသူတွေရှေ့မှာ ပြောဆိုခဲ့ပေမယ့် ရဲနဲ့ အမျိုးတော်စပ်တာကြောင့် စခန်းမှူးက အမှုမဖွင့်ပဲ ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

အဓမ္မပြုကျင့်သူကို ကျေးရွာသားတွေက ဝိုင်းဖမ်းခဲ့ရပြီး အမှုဖွင့်ဖို့အတွက် ဖခင်ဖြစ်သူက စခန်းကို ခေါ်ဆောင်သွားချိန်မှာ ရဲစခန်းမှူးက အမှုဖွင့်ရင် ကျပ် ငွေ ၁၅ သိန်းလောက် ကုန်နိုင်ပြီး တလ တခါ ရုံးချိန်သွားရမယ်လို့ ခြိမ်းခြောက်ပြောဆိုကာ အမှုမဖွင့်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ကလေးအဖေက အမှုဖွင့်ဖို့လုပ်တော့ စခန်းမှူးက အမှုဖွင့်ရင် ၁၅ သိန်းကုန်မယ်၊ ဖွင့်ဖို့မလွယ်ဘူး၊ ရုံးချိန် တွေလည်း သွားရမယ်၊ ချော့လိုက် ခြောက်လိုက်နဲ့ ပြောတော့ ကလေးအဖေက နောက်ဆုံးမဖွင့်တော့ဘူး ဖြစ်သွားတာ” လို့ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။

ရဲစခန်းက အမှုမဖွင့်ပေးလို့ ကျေးရွာသားတွေက ရဲစခန်းရှေ့ရောက်လာပြီး တရားခံကိုထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရဲစခန်းမှာသာ ထားရှိကာ ဒီဇင်ဘာ ၁၈ ရက်နေ့က ကားနဲ့ ရဲတွေကိုယ်တိုင်တင်ပြီး တခြားမြို့ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up