close

အင်းတော်မြို့နယ်၌ ၃ ရက်ဆက် တိုက်ပွဲဖြစ်၊ ကလေးမြို့ သုံးအိမ်စုရွာအနီး စစ်တပ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ‌KIA၊KPDF၊ အင်းတော် PDF ပူးပေါင်းတပ်တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က ၄၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ညောင်ကုန်းရွာ၊ ဂျုံးဂျုံးဂျရွာ(ရွာသစ်/ရွာမ)၊ ပိန်းအင်းရွာနားမှာ ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရဲဘော်တဦးသာ ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ 

အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက "၃ ရက် တနေကုန်နီးပါး တိုက်ပွဲ ဖြစ်ပါတယ်။ ရဲဘော် တယောက် ဒဏ်ရာရတယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး။ ရှေ့ဆက်တိုက်ပွဲများ ပြင်းထန်လာနိုင်တဲ့ အတွက် ပြည်သူတွေ အစစအရာရာဂရုစိုက်ကြပါ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာကြောင့် ဂျုံးဂျုံးကျရွာသစ်မှ နေအိမ် ၆ လုံးနဲ့ စားသောက်ဆိုင် ၂ ဆိုင်၊ ဂျုံးဂျုံးကျရွာမမှ နေအိမ် ၁၁ လုံး၊ မအူကုန်းရွာမှ နေအိမ်အလုံး ၂၀ နဲ့ ပိန်းအင်းရွာမှ နေအိမ် ၁  လုံး မီးရှို့ခံထားရပြီး ကျေးရွာ ၁၂ ရွာက ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးလွတ်ရာ တောတောင်တွေထဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာမှ သုံးအိမ်စုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF က ပြောပါတယ်။

သုံးအိမ်စုရွာနားမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့  ကလေး PDF ဘက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်နေရာတွေကို လက်နက်ကြီးနဲ့ ၁ နာရီ ကြာ ပစ်ခတ်ရာမှာတော့  နဂါးပွတ်ကျေးရွာထဲ လက်နက်ကြီးကျည်ကျပြီး အဘွားအို တယောက်နဲ့  နွား တကောင်ထိခိုက်ဒဏ်ရာရကာ ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုံးအိမ်စုကျေးရွာနားက ဖြတ်သန်းသွားလာတဲ့ မြို့ကြီးကုန်းကျေးရွာနေ ၁၄ နှစ်အရွယ် လူငယ် တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြို့လှကျေးရွာသို့ တပ်ဆုတ်ကာ တပ်စွဲထား တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သုံးအိမ်စုရွာနဲ့ မြောင်းဆုံရွာက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up