close

ကနေဒါတွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၆ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

ကနေဒါနိုင်ငံ၊ ဗော်ဟန်မြို့က လူနေအဆောက်အအုံတခုမှာ ဒီဇင်ဘာ ၁၈ ရက်က ပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် သံသယရှိသူ အပါအဝင် လူ ၆ ဦးသေဆုံးပြီး တခြား လူ ၆ ဦး ဒဏ်ရာရရှိခဲ့လို့ ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်လို့ မြို့တော်ဝန်က ပြောပါတယ်။

တိုရွန်တိုမြို့ရဲ့ မြောက်ဘက် ၃၁ မိုင်ဝေးတဲ့ ဗော်ဟန်မြို့က ကွန်ဒိုတိုက်ခန်းမှာ ည ၇ နာရီ မိနစ် ၂၀ လောက်က အမျိုးသားသေနတ်သမားအကြောင်း ရဲတွေဆီ ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။

ရဲတပ်ဖွဲ့က စင်္ကြံတခုမှာ သံသယရှိသူကို တွေ့လို့ ပစ်ခတ်ခဲ့တဲ့အတွက် မိနစ် ၄၀ လောက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ အွန်တေရီအိုပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးယူနစ် (SIU) ပြောခွင့်ရက သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

အဲဒီနောက် အာဏာပိုင်တွေက ကွန်ဒိုရဲ့ အထပ်ပေါင်းများစွာက လူသေအလောင်းတွေအပြင် ပစ်ခတ်ရာမှာသုံးတဲ့ လက်နက်လို့ သံသယရှိတဲ့ semi-automatic handgun အမျိုးအစား သေနတ်ကိုလည်း တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဗော်ဟန်မြို့ ရဲစခန်းမှူး ဂျင်မ် မက်ဆွင်းက သံသယရှိသူဟာ အဆောက်အဦအတွင်း နေထိုင်သူ ဖရန်ဆက်စကို ဗီလီလို့ သတ်မှတ်ခဲ့ကြောင်း ပြောပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဘယ်အချက်အလက်တွေကိုမှ မမျှဝေထားပါဘူး။

ကနေဒါနိုင်ငံမှာ သေနတ်ဥပဒေဟာ အမေရိကန်ထက် ပိုတင်းကျပ်ပေမဲ့ ကနေဒါနိုင်ငံသားတွေက သူတို့မှာ လိုင်စင်ရရှိထားတဲ့ သေနတ်တွေကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ကန့်သတ်တားမြစ်ထားတဲ့ သေနတ်တွေကိုတော့ မှတ်ပုံတင်ပြီးမှ ကိုင်ဆောင်ခွင့်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up