close

လိုင်စင်မဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ အလုပ်ရှာမပေးဘဲ ပိုက်ဆံလိမ်တောင်းနေ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းမှာ အလုပ် အကိုင်ရှားပါးနေချိန်မှာ  ပိုက်ဆံသာယူပြီး အလုပ်ရှာမပေးတဲ့ လိုင်စင်မဲ့အေဂျင်စီတွေလည်း ပေါများလာတယ်လို့ ရန်ကုန်မြို့မှာ အလုပ်ရှာဖွေနေသူတွေဆီက သိရပါတယ်။

အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေပြီး အလုပ်နေရာနဲ့ လျှောက်ထားသူဦးရေ မမျှတဘဲဖြစ်နေတာပါ။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီတွေဆီမှာ အလုပ်အပ်မှုတွေ များပြားတဲ့အခြေအနေမှာ အမှန်တကယ် ရှာဖွေပေးတဲ့ လိုင်စင်ရ အလုပ်အေဂျင်စီတွေရှိသလို လျှောက်လွှာကြေးသာယူပြီး အလုပ်မရှာပေးတဲ့ ငွေလိမ်နေတဲ့ အေဂျင်စီတွေလည်းများလာနေတာလို့ သိရပါတယ်

ကမာရွတ်မြို့နယ်နေသူတဦးက “လှည်းတန်း စံရိပ်ငြိမ်နားက တိုက်ခန်းတခုမှာ အေဂျင်စီရှိတယ်၊ လူတွေခေါ်နေတယ်၊ စီးတီးမတ်နဲ့ မီနီမတ်တွေမှာ အချိန်ပိုင်း လုပ်ရမယ်တဲ့။ သူငယ်ချင်းနဲ့သွားတာ တယောက် ကျပ် ၈,၀၀၀ ပေးခဲ့ရတယ်။ သူတို့ရုံးကပေးတဲ့ CV ဖြည့်ပြီးတာနဲ့ ပေးရတာ။ အဲ့နေရာတွေမှာ မလုပ်ချင်ရင် သူတို့ရုံးမှာလုပ်လည်း ရတယ်တဲ့။ wifi ပေးမယ်၊ ရုံးမှာ ၉ နာရီကနေ ညနေ ၃ နာရီအထိ လုပ်ရမယ်၊ training တပတ်တက်ရမယ်၊ ဖုန်းဖြေပေးတာနဲ့ လာလျှောက်မယ့်သူ တနေ့ ၅ ဦး ခေါ်ပေးရမယ်၊ ရလာရင် တလ ၃ သိန်း၊ bonus ပေးမယ်လို့ ပြောတယ်။ ညီမတို့ မလုပ်ဖြစ်တော့ ဖောင်ကြေးတွေ ဆုံးသွားတယ်။ ရုံးထဲမှာ အဲ့လိုလုပ်နေကြတာ ၇ ယောက်လောက် တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ထဲက သမိုင်း၊ လှည်းတန်း၊ မြေနီကုန်း စတဲ့နေရာတွေမှာ အေဂျင်စီပုံစံ အလုပ်ရှာဖွေရေး လုပ်ငန်းတွေ ရှိနေကြပြီး နာမည်ကြီးလုပ်ငန်းစုတွေဖြစ်တဲ့ KFC၊ စီးတီးမတ်နဲ့ One Stop မီနီမတ်တွေရဲ့ နာမည်အသုံးချပြီး ဖောင်ကြေးတွေ လိမ်ယူနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်၊ နေ့စွဲနဲ့ ရန်ကုန်မြို့တွင်း နီးစပ်ရာ KFC ဆိုင်ခွဲမှာ တာဝန်ထမ်းဆောင်ဖို့ အရောင်းဝန်ထမ်း ကျား/မ ၃၀ ဦး၊ မီးဖိုချောင်အကူ ကျား/မ ၁၀ ဦး၊ အခြေခံလစာ ၂ သိန်း၊ ရက်မှန်ကြေး ၂ သောင်း၊ ပညာအရည်အချင်း အထက်တန်းအဆင့်၊ အတွေ့အကြုံမလို စတဲ့ အလုပ်လျှောက်လွှာခေါ်ယူနေတဲ့ အမျိုးသမီးတဦးကို ဆက်သွယ်မေးမြန်းရာ သူမက အခုလို ပြောပါတယ်။

“KFC က တိုက်ရိုက်ခေါ်တာပေါ့။ စိတ်ဝင်စားလို့ လျှောက်မယ်ဆိုရင် မြေနီကုန်းကရုံးမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူပြီးတော့ လျှောက်လို့ရပါတယ်။ မြေနီကုန်း၊ ဒဂုံစင်တာအနီး၊ ဗိုလ်မိုးလမ်း၊ တိုက်အမှတ် ၁၃၊  ထွန်းရတနာ တာယာဆိုင် အပေါ် သုံးလွှာမှာပါ။ ဒီက Sunshine Job ဆိုတဲ့ CV ဖောင်နဲ့ဆို တိုက်ရိုက်တင်ရုံပါပဲ။ တနှစ်စာအတွက် ဆားဗစ်ကြေး ၈,၀၀၀ တော့ ပေးရပါတယ်။”

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး KFC Myanmar ဘက်ကနေ “အလုပ်ခေါ်စာရှိရင် KFC Myanmar အလုပ်အကိုင် အခွင့်အလမ်းများ Page ရှိပါတယ်။ အဲ့ကနေပဲ တင်ပေးသွားပြီး ဆက်သွယ်ရမယ့်ဖုန်း တပါတည်း ထည့်‌ပေးထားတာမို့ အလုပ်ခေါ်စာရှိမှ ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ အေးဂျင့်တဆင့်ခံပြီး ပိုက်ဆံတောင်းခြင်း KFC ဘက်မှ မပြုလုပ်ဘဲ တရားဝင် အလုပ်ခေါ်စာတွေကို page ကနေပဲ တင်ပေးသွားတာဖြစ်ပါတယ်” လို့ တုံ့ပြန် ဖြေဆိုထားပါတယ်။

အဆိုပါအေဂျင်စီတွေဟာ လုပ်ငန်းတွေရဲ့ နာမည်ကို အသုံးပြုကာ အလုပ်အကိုင်ရှာမပေးဘဲ  လူခေါ်ပေးတာနဲ့ ဖောင်ကြေးလိမ်ယူနေတာတွေကြောင့် လက်တွေ့လုပ်နေတဲ့ လိုင်စင်ရ အေဂျင်စီတွေကိုပါ အလုပ်လျှောက်သူတွေက မယုံမကြည်ဖြစ်လာတယ်လို့ ၂၀၁၅ ကတည်းက လုပ်ကိုင်လာတဲ့ ရန်ကုန်မြို့က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုက ဆိုပါတယ်။

ရန်ကုန်မြို့က နာမည်ရ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရဲ့ ၂၀၂၂ ခုနှစ်ထဲ အလုပ်လျှောက်သူဦးရေက လစဉ် ၆၀ လောက်သာရှိပြီး စစ်အာဏာမသိမ်းခင်က တရက်ကို အလုပ်ရှာဖွေသူ ၃၀ လောက် ပုံမှန်လာတယ်လို့ သိရတဲ့အပြင် အလုပ်ရှင်တွေဘက်က လစာလျှော့တာတွေ၊ ပိတ်ရက်နည်းသွားတာတွေနဲ့ အရင်ကထက် အလုပ်အပ်တာတွေ သိသိသာသာလျော့သွားပြီး အလုပ်လျှောက်သူတွေက နည်းသွားတာနဲ့ နယ်ပြန်သွားတာတွေကြောင့်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up