အစ္စရေးအစိုးရသစ်ဖွဲ့စည်းရန် သဘောတူညီမှုရ

ဘာသာရေးနဲ့ လက်ယာစွန်းဆိုင်ရာ မဟာမိတ်တွေနဲ့အတူ အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် အစိုးရသစ်တရပ် ပေါ်ပေါက်လာဖို့ သဘောတူညီချက်ရပြီလို့ အစ္စရေးနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဘင်ဂျမန်နေတန်ယာဟုက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
နေတန်ယာဟုရဲ့ လစ်ကစ်တ်ပါတီက အစ္စရေးသမ္မတ အိုင်းဇက် ဟာဇော့နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အစိုးရသစ် ဖွဲ့စည်းရေးအတွက် သူတို့နှစ်ဦးကြား အတည်ပြုတဲ့ ဗွီဒီယိုရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဟာဇော့ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဒီထုတ်ပြန်ချက်အပေါ်မှာ လက်ခံရရှိကြောင်း အတည်ပြုပါတယ်။
နေတန်ယာဟုရဲ့ ကွန်ဆာဗေးတစ် လစ်ကစ်တ်ပါတီက အစွန်းရောက် သြသိုဒေါ့စ်အပြင် အနောက်ဘက်ကမ်းက အခြေချနေထိုင်သူ အသိုင်းအဝိုင်းတွေနဲ့ နီးစပ်မှုရှိပါတယ်။
အမျိုးသားရေး-ဘာသာရေးဆိုင်ရာ သဘောထားတူတဲ့ ပါတီတွေနဲ့ နိုဝင်ဘာ ၁ ရက်က ရွေးကောက်ပွဲမှာ ပါလီမန်လွှတ်တော်ခုံနေရာ ၁၂၀ ရှိတဲ့အထဲက ၆၄ နေရာ အများစုကို သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာပါ။
အနောက်ဘက်ကမ်းဒေသ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းရေးကနေ ဝန်ကြီးဌာနရဲ့ ရဲတပ်ဖွဲ့အပေါ် ထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေအတွက် အစုံလိုက်အဆိုပြုထားတဲ့ ဥပဒေပြုရေးတွေမှာ အငြင်းပွားခဲ့ရာက အစိုးသစ်တရပ်ဖွဲ့စည်းဖို့ လက်ရှိမှာ သဘောတူညီမှု ရရှိခဲ့တာပါ။
ဒီတပတ်အတွင်း နေတန်ယာဟုဘက်က မဖြစ်မနေတင်ပြရမယ့် အစိုးရသစ်အဖွဲ့ဟာ ဆယ်စုနှစ်တခုကျော်အတွင်း အနောက်ဘက်ကမ်းဒေသက အဆိုးရွားဆုံး အကြမ်းဖက်မှုတွေကို မြင်တွေ့ခဲ့ရပြီး တနှစ်အကြာမှာပဲ အာဏာရယူတော့မှာပါ။
ဒီပဋိပက္ခကြောင့် ပါလက်စတိုင်းလူမျိုး ၁၅၀ ကျော်နဲ့ အစ္စရေးလူမျိုး ၂၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။
လေးနှစ်မပြည့်သေးခင် ကာလထဲမှာပဲ ငါးကြိမ်မြောက် ရွေးကောက်ပွဲနဲ့ ကြုံတွေ့ခဲ့ရတဲ့ အစ္စရေးပြည်သူတွေကလည်း တည်ငြိမ်တဲ့ အစိုးရတရပ်ကသာ ဒီပဋိပက္ခကာလတွေရဲ့ ထွက်ပေါက်တခုအဖြစ် ရှုမြင်ထားကြတာပါ။
ရက်သတ္တပတ်ပေါင်းများစွာ ရှည်လျားရှုပ်ထွေးတဲ့ ငြင်းခုန်မှုတွေအရ လာမယ့် ညွန့်ပေါင်းအစိုးရသစ်ဟာ ပြည်တွင်းမှာ သိသာထင်ရှားတဲ့ တင်းမာမှုတွေနဲ့ ဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။