close

YFA အထည်ချုပ်စက်ရုံ အလုပ်သမားများထံမှ ဖြတ်ထားသည့် ကျွမ်းကျင်ကြေး ပြန်ထုတ်ပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ YFA အထည်ချုပ်စက်ရုံ အလုပ်သမားတွေဆီက ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်ကြေးတွေကို ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ ပြန်ထုတ်ပေးတယ်လို့ အဲဒီစက်ရုံအလုပ်သမားတချို့ဆီက သိရပါတယ်။

YFA အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကို အလုပ်ကရပ်ဆိုင်းခဲ့သလို ကျွမ်းကျင်ကြေးတွေကိုပါ ဖြတ်တောက်ထားခဲ့တာပါ။

YFA စက်ရုံ အလုပ်သမားတဦးက “ဒီနေ့စပြီးတော့ ထုတ်ပေးတာ။ မြို့နယ်အလုပ်သမားရုံးမှာ ဝန်ထမ်းကတ်ပြပြီး ထုတ်ရတာ။ လက်မှတ်ထိုးတောင်းထားတဲ့ အလုပ်သမားတွေကိုပဲ ထုတ်ပေးတာလို့ သိရတယ်” လို့ ပြောပါတယ်။

YFA စက်ရုံမှာ အလုပ်သမား ၁၅၅ ဦး လုပ်ကိုင်တာဖြစ်ပြီး ၁၃၃ ဦးက ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်ကြေး ပြန်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

အလုပ်သမားတဦးကို ကျွမ်းကျင်ကြေး ကျပ် ၃၀,၀၀၀ လောက် ပြန်ရတာဖြစ်ပြီး ကိုယ့်ရပိုင်ခွင့် တောင်းဆိုနိုင်လို့ ရရှိတာဖြစ်ကြောင်း အဲဒီစက်ရုံ အလုပ်သမားတွေအတွက် ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ဒီနေ့ထုတ်ပြန်ပါတယ်။

ကျွမ်းကျင်ကြေးတွေကို ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာလည်း ဆက်ပြီး ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

စက်ရုံဘက်က ကျွမ်းကျင်ကြေးတွေ ပြန်ထုတ်ပေးပေမဲ့ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်တဲ့အတွက် အလုပ်သမားတွေကို နို့တစ်ကြေးတလစာ ထုတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ခုံသမာဓိအဖွဲ့ထံမှာ ဖြေရှင်းနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up