close

စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းများ MNDAA ကိုးကန့်တပ်က သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့နယ် နမ့်ဖာတောင်မှာ တပ်စွဲထားတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်-MNDAA (ကိုးကန့်) တပ်က ဒီဇင်ဘာ ၂၂ ရက်မှာ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

နမ့်ဖာတောင်မှာ တပ်စွဲထားတဲ့ MNDAA စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများပြီး ဆုတ်ခွာသွားတဲ့အတွက် အခုလို နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာပါ။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ ၆၀ မီလီမီတာ မော်တာကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ မြေမြှုပ်မိုင်း ၁ လုံး၊ မဂ္ဂဇင်း ၉ ခု၊ Type 69 ဒုံးပျံ ၃ လုံး၊ ဒုံးပျံပြွန် ၄ ခု၊ ၅ ဒသမ ၅၆ မီလီမီတာကျည် ၆၂၃ တောင့်၊ ရိုင်ဖယ်ခါးပတ် ၇ ခု၊ ပစ္စတို ၄ လက်၊ ရိုင်ဖယ်လက်ပစ်ဗုံး ကျည်အလွတ် ၄ လုံး၊ အမြောက်ဆန် ၆ ခု၊ ရိုင်ဖယ် ၁ လက်၊ မိုးကြိုးပစ် ၁ လုံးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် စကားပြောစက် ၃ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ဂြိုဟ်တုတည်နေရာနဲ့ လမ်းညွှန်ချက် ၁ လုံး၊ စစ်ယူနီဖောင်း ၂ ထည်၊ စစ်ဦးထုပ် ၃ လုံး၊ သံမဏိခမောက် ၁ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ရေနွေးအိုး ၈ လုံး၊ အားသွင်းပစ္စည်း ၂ ခု၊ ငွေကျပ် ၂၀,၀၀၀၊ အိတ်ငယ် ၁ လုံး၊ အိုး ၄ လုံး၊ ထမင်းဘူး ၁ ဘူးနဲ့ တခြား နေ့စဉ်သုံးပစ္စည်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်၊ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၀ တပ်ရင်းက ခန့်မှန်းအင်အား ၈၀ နီးပါးနဲ့ MNDAA ရဲ့ တပ်မဟာ ၅၁၁ ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ တာမုံးပေါ်ဒေသအတွင်းကို ထိုးစစ် ဝင်ရောက်လာတာကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်ကဖြစ်ပွားခဲ့တဲ့ မုံးကိုးတိုက်ပွဲအတွင်း MNDAA ကိုးကန့်တပ်သား ၁ ဦး ကျဆုံးပြီး ၁ ဦးမှာ အနည်းငယ် ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖဝါရီလက စတင်ကာ စစ်ကောင်စီတပ်နဲ့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဟာ ၈ နှစ်နီးပါး စဉ်ဆက်မပြတ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up