အမေရိကန်အမျိုးသားကာကွယ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ဥပဒေ (NDAA)ကို တရုတ်ကန့်ကွက်

၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမျိုးသားကာကွယ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို အမေရိကန်အစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်တဲ့အပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
အဲဒီအက်ဥပဒေထဲမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ အပျက်သဘောဆောင်တဲ့ အကြောင်းအရာ တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အဲဒီဥပဒေကို ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဒီဥပဒေဟာ တရုတ်နိုင်ငံအပေါ် ပြင်းထန်တဲ့ နိုင်ငံရေး ရန်စမှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီအက်ဥပဒေဟာ အချက်အလက်တွေကို လုံးဝဂရုမစိုက်ဘဲ "တရုတ်ခြိမ်းခြောက်မှု" ဆိုတဲ့ ဇာတ်ကြောင်းကိုပဲ အရှိန်မြှင့်ပြီးတော့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေတာဖြစ်ကြောင်းနဲ့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ကို တိုက်ခိုက်ခြင်းနဲ့ ဂုဏ်သိက္ခာကျဆင်းစေကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဥပဒေမှာ ထိုင်ဝမ်အပေါ် အပျက်သဘောဆောင်တဲ့ ပြဋ္ဌာန်းချက်အများအပြား ပါရှိပြီးတော့ တရုတ်တပြည်ထောင်တည်း မူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ခုထဲက သတ်မှတ်ချက်တွေကို အပြင်းအထန် ချိုးဖောက်နေတာ ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိ သူက ပြောပါတယ်။
“ထိုင်ဝမ်လွတ်လပ်ရေး”လို့ ခေါ်တဲ့ ခွဲထွက်ရေးသမားတွေကို မှားယွင်းတဲ့အချက်ပြမှုတွေကို အားပြင်းပြင်း ပို့လွှတ်ထားပြီး ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာကို သတိပြုမိတယ်လို့လည်း ဆိုပါတယ်။
ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ပြည်ပ ဝင်ရောက်စွက်ဖက်မှုကို သည်းခံမှာမဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ထိုင်ဝမ်ကို အသုံးချဖို့ ကြိုးပမ်းနေတာကို ရပ်တန့်ဖို့၊ တရုတ် တပြည်ထောင်တည်း မူဝါဒကို ပုံဖျက်ပြီးတော့ ကမောက်ကမဖြစ်အောင် လုပ်ဆောင်တာကို ရပ်တန့်ဖို့နဲ့ မှားယွင်းပြီး အန္တရာယ်များတဲ့ လမ်းကြောင်းပေါ်ကို ဒီထက်ပိုပြီး ရွေ့နေတာကို ရပ်လိုက်ဖို့ တရုတ်ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ကို တိုက်တွန်းခဲ့ပါတယ်။
အဲဒီဥပဒေထဲမှာ ထိုင်ဝမ်ကိစ္စအပါအဝင် ယူကရိန်းနဲ့ မြန်မာနိုင်ငံကို အကူအညီပေးပို့ ကိစ္စတွေလည်း ထည့်သွင်းပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။