အမ်ဘာပေနှင့်တွဲပြီး ကမ္ဘာ့ဖလားကစားလိုဟု စိန့်မက်ဆီမင် ပြော

ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေနဲ့ တွဲဖက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားချင်တယ်လို့ နယူးကာဆယ် တိုက်စစ် ကစားသမား စိန့်မက်ဆီမင်က ပြောပါတယ်။
အသက် ၂၅ နှစ်ရှိ တောင်ပံတိုက်စစ်မှူးဟာ နယူးကာဆယ်မှာ ခြေစွမ်းပြခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားကစားခဲ့တဲ့ ပြင်သစ်အသင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရတာပါ။
ဒါပေမဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တိုက်စစ်မှူး အမ်ဘာပေနဲ့အတူ ပြင်သစ် အသင်းမှာ တွဲဖက်ကစားချင်တယ်လို့ စိန့်မက်ဆီမင်က ပြောပါတယ်။
ပြင်သစ်အသင်းမှာ ပါဝင်ခွင့်ရဖို့ စကားပြောဆိုမှုတချို့ ရှိခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင် ပွဲမတိုင်ခင် နှစ်ပတ်အလိုမှာ ဒဏ်ရာရသွားတာက ခက်ခဲစေခဲ့ကြောင်း စိန့်မက်ဆီမင်က ဆိုပါတယ်။
“နယူးကာဆယ်မှာ ဆက်ကြိုးစားပြီး ခြေစွမ်းပြနိုင်ရင် ပြင်သစ်အသင်းက သတိထားမိမှာပါ။ ကျနော်တို့အသင်းက ကမ္ဘာ့အကောင်းဆုံးလိဂ်ရဲ့ အဆင့်သုံးနေရာမှာ ရပ်တည်နေတာဖြစ်လို့ အသင်းငယ်တစ်သင်းလို့ မဆိုနိုင်ပါဘူး။ ပြင်သစ်အသင်းမှာ ကစားနိုင်တဲ့ ခြေစွမ်းရှိတယ်လို့ ယုံကြည်ပါတယ်”လို့ စိန့်မက်ဆီမင်က ပြောပါတယ်။
မက်ဆီမင်ဟာ ပြင်သစ်ယူ ၁၇၊ ယူ ၂၀ နဲ့ ယူ ၂၁ အသင်းတွေမှာ ၁၁ ပွဲ လောက် ကစားခဲ့ဖူးပေမယ့် လက်ရွေးစင်အသင်းမှာတော့ ရွေးချယ်ခံရတာမရှိသေးပါဘူး။