close

စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကလေးသူငယ် ၂၇၄ ဦးသေဆုံး၊ စစ်ကိုင်းတိုင်း၌ အများဆုံးဖြစ်

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း သေဆုံးခဲ့ရတဲ့ ကလေးသူငယ် ၂၇၄ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ကလေးသူငယ်တွေ အများဆုံးပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့တော့ ဇန်နဝါရီ ၂ ရက်အထိ စာရင်းတွေအရ အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၈၉ ယောက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၇၈၇ ယောက် ထိရှိလာခဲ့ပြီဖြစ်ကာ အမှန်တကယ် ကျ ဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးခံရတဲ့ ကလေးသူငယ်အရေအတွက်ကတော့ အာဏာသိမ်းပြီးချိန်ကတည်းက လက်ရှိအချိန်ထိ ၄၈၂ ယောက်ရှိခဲ့ပြီး စုစုပေါင်းဖမ်းဆီးခံရသူတွေရဲ့ ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အေအေပီပီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်း ၂ နှစ်နီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးဦးရေကတော့ ၃၄၅၅ ယောက်ရှိခဲ့ပြီး စုစုပေါင်းဖမ်းဆီးခံရသူတွေရဲ့ ၂၀ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆို ပါတယ်။ သေဆုံးခဲ့ရတဲ့ အမျိုးသမီးအရေအတွက်ကတော့ ၃၂၈ ယောက်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူတွေရဲ့ ၁၂ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့တာပါ။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးနှိပ်စက်အရေးယူတာ၊ မတရားပုဒ်မတပ် ထောင်ချတာတွေအပြင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကိုပါ လုပ်ဆောင် နေပြီး လတ်တလောအချိန်ထိ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူအရေအတွက် ၈၄၁ ယောက်ရှိလာခဲ့ပြီဖြစ်ကာ ၃၁ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up