တောင်ကိုရီးယားနှင့် နျူးကလီးယားစစ်ရေးလေ့ကျင့်ရန် ဆွေးနွေးခြင်းမရှိဟု အမေရိကန်သမ္မတ ပြော

အမေရိကန်ပြည်ထောင်စုဟာ တောင်ကိုရီးယားနဲ့ ပူးတွဲနျူးကလီးယားစစ်ရေးလေ့ကျင့်ဖို့ ဆွေးနွေးနေတာ မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၂ ရက်နေ့မှာ ပြောပါတယ်။
အမေရိကန် ဗာဂျင်ကျွန်းတွေကနေ အားလပ်ရက်အပြီး ပြန်လာတဲ့ သမ္မတ ဘိုင်ဒင်ကို အိမ်ဖြူတော်မှာ သတင်းထောက်တွေက လက်ရှိ တောင်ကိုရီးယားနဲ့ ပူးတွဲ နျူးကလီးယား စစ်ရေးလေ့ကျင့်မှု ဆွေးနွေးနေသလားလို့ မေးမြန်းရာမှာ ဘိုင်ဒင်က “မရှိဘူး” လို့ ဖြေဆိုခဲ့တာပါ။
မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် သူ့ရဲ့မိတ်ဘက် တောင်ကိုရီးယား သမ္မတရဲ့ မှတ်ချက်ကို ဆန့်ကျင်ဘက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားကို သူ့ရဲ့ သံသယဖြစ်စရာ မရှိတဲ့ ရန်သူစစ်စစ်လို့ တံဆိပ်ကပ် ပြောဆိုနေချိန်မှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဆိုးလ်နဲ့ ဝါရှင်တန်တို့ဟာ အမေရိကန်ရဲ့ နျူးကလီးယားလက်နက် ပစ္စည်းတွေကိုသုံးပြီး ဖြစ်နိုင်ခြေရှိတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆွေးနွေးနေကြတာလို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက တနှစ်တာအတွင်း စံချိန်တင် ဒုံးကျည်အရေအတွက် စမ်းသပ်ပစ်လွှတ်မှုတွေ လုပ်ဆောင်ခဲ့တာတွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယား ဒရုန်းတွေ တောင်ကိုရီးယားကို ကျူးကျော်ဝင်ရောက်ခဲ့အပြီးမှာ သမ္မတ ယွန်းက သာလွန်လွှမ်းခြုံတဲ့ စွမ်းရည်နဲ့ စစ်ပွဲပြင်ဆင်မှုကို တောင်းဆိုလိုက်ပြီးနောက် တနင်္လာနေ့ထုတ် သတင်းစာအင်တာဗျူးထဲမှာ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။
“နျူးကလီးယားလက်နက်တွေကို အမေရိကန်က ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ အစီအစဉ်ဆွဲတာ၊ သတင်းအချက်အလက်မျှဝေတာ၊ လေ့ကျင့်ခန်းနဲ့ လေ့ကျင့်မှုတွေကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပူးတွဲလုပ်ဆောင်သင့်ပါတယ်” လို့ သမ္မတ ယွန်းက ချိုဆွန်းအီလ်ဘို သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဟာ တိုက်ချင်းပစ်ဒုံးကျည် (ICBMs) တွေကို အသစ်တွေ တီထွင်ထုတ်လုပ်ဖို့နဲ့ နိုင်ငံရဲ့ နျူးကလီးယားလက်နက်တွေကို ဆ,တိုးထုတ်လုပ်ဖို့ တိုက်တွန်းမှာကြားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြပြီး နောက်တရက် အကြာမှာပဲ တောင်ကိုရီးယားသမ္မတ ယွန်းက မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အာဏာရ အလုပ်သမားပါတီ အစည်းအဝေးမှာ ကင်မ်က တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ သံသယဖြစ်စရာတောင် မလိုတဲ့ ရန်သူပဲလို့ ပြောကြားလိုက်ပြီး နောက်နှစ်မှာလည်း ပြင်းထန်တဲ့ လက်နက်စမ်းသပ်မှုတွေနဲ့ တင်းမာမှု အရိပ်အမြွက်တွေ ပြပြီး စစ်ဘက်ဆိုင်ရာ ရည်မှန်းချက်အသစ်တွေကို ချမှတ်ခဲ့ပါတယ်။