တနင်္သာရီမြို့နယ်၌ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေရှိရာ နေရာနှစ်ခုကို အလစ်ဝင်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး လက်နက်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။
ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီလောက်မှာ တနင်္သာရီမြို့နယ် ကဒဲလိတ်ကျေးရွာရှိ စစ်ကောင်စီတပ်ရင်း ၃၀၆ အမြောက်တပ်အနီး အရက်သောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ဘက်က အဓိကကတော့ စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာ ပိုပြီးတော့ စနစ်တကျ ရှိလာတယ်။ ဒီလို ပြောက်ကျား သွားပြီးတိုက်ခိုက်ရာမှာ သတင်းလုံခြုံမှုရှိတာတွေနဲ့ ရဲဘော်တွေရဲ့ စစ်ဆင်ရေးလုပ်မယ့်နေရာမှာ နေပုံထိုင်ပုံတွေဟာ အရင်ကထက်ပိုပြီး နားလည်သဘောပေါက်လာတယ်။ အရေးကြီးဆုံးကတော့ ပြည်သူလူထုရဲ့ ကူညီပံ့ပိုးမှုပါပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ စစ်ဆင်ရေးမှာ အောင်မြင်ခဲ့တယ်။”
ဇန်နဝါရီ ၁ ရက် မနက် ၈ နာရီမှာလည်း တနင်္သာရီ-ဗောဓိကမ်းတံတားပေါ်ရှိ တနင်္သာရီဘက် ကင်းလာချတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ကင်းပုန်းဝပ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပြီး လက်နက်တလက် သိမ်းဆည်းရမိခဲ့ပါတယ်။
မြိတ်ခရိုင်တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ခံက “အများပြည်သူနဲ့ ပတ်သက်ပြီးတော့ အသိပေးလိုတာရှိပါတယ်။ ဒီကာလသည် တန်ပြန်ထိုးစစ်ကို သွားနေတဲ့ကာလဖြစ်တဲ့အတွက် စစ်ရေးအခြေအနေက တိုးမြင့်လာလိမ့်မယ်။ အများပြည်သူကို မထိခိုက်စေဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်နဲ့ စည်းကမ်းချက်တွေကို ဒေသခံပြည်သူတွေက တိတိကျကျ ပူးပေါင်းလိုက်နာ ဆောင်ရွက်ပေးဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံတယ်” လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်ပါဘူး။