close

ဘရာဇီးဂန္ထဝင်ဘောလုံးသမားကြီး ပီလီ၏ ဈာပနအခမ်းအနား ကျင်းပ

မကြာသေးခင်က ကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာကျော် ဂန္ထဝင်ဘောလုံးသမားကြီး ပီလီရဲ့ ဈာပနကို  ဘရာဇီး ကမ်းရိုးတန်းမြို့ ဆန်းတို့စ်မြို့မှာ ဇန်နဝါရီ ၂ ရက်က ၂၄ နာရီကြာကျင်းပပြီး အသုဘအခမ်းအနားတရပ်နဲ့အတူ သူ့ရဲ့မိသားစုဆွေမျိုးတွေနဲ့ ပရိသတ်တွေက  နှုတ်ဆက်ခဲ့ကြပါတယ်။

ဆန်းတို့စ်ဘောလုံးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဗီလာ ဘယ်လ်မီရို အားကစားကွင်းကြီး အလယ်မှာ ပီလီရဲ့ရုပ်အလောင်းကို ဖွင့်လှစ်ထားပြီး ဝမ်းနည်းပူဆွေးနေကြတဲ့ မြို့သူမြို့သားတွေနဲ့ ပရိသတ်တွေက  နောက်ဆုံးအကြိမ်အဖြစ် လာရောက် တန်းစီ ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါတယ်။

ဆန်းတို့စ်မြို့၊ ဆန်းတို့စ်ဘောလုံးကွင်းနဲ့ ဘောလုံးအသင်းဟာ ဘရာဇီးဂန္ထဝင်ဘောလုံးသမားကြီး ပီလီကို အကြီးအကျယ် ထောက်ခံအားပေးရင်း လျှမ်းလျှမ်းတောက် ကလပ်ကစားသမားဘဝကနေ ဘောလုံးအကျော်အမော် ပြယုဂ်တခု ဖြစ်လာအောင် ပြောင်းလဲပေးနိုင်ခဲ့တဲ့ အမှတ်ရစရာ နေရာတခု ဖြစ်ပါတယ်။ 

အသက် ၈၂ နှစ်အရွယ် ပီလီဟာ အူမကြီးကင်ဆာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့တာပါ။

ပီလီ လို့သိကြတဲ့ အက်ဒ်ဆန် အာရန်တက်စ် ဒူ နာဆီမန်တိုကို ၁၉၄၀ ခုနှစ်က ထရီးစ် ကိုရာကို့စ် လို့ခေါ်တဲ့ မြို့ငယ်လေးတခုမှာ မွေးဖွားခဲ့တာပါ။

၁၉၅၆ ခုနှစ်မှာ ဆန်းတို့စ်မြို့ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ တသက်တာလုံးနီးပါး အဲဒီမှာပဲ နေထိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ အစောပိုင်းတုန်းကလည်း ပီလီ ကွယ်လွန်ခဲ့တဲ့ ဆော်ပေါ်လိုမြို့က အယ်ဘ်ဘတ်အိုင်းစတိုင်း ဆေးရုံကနေ လူပေါင်း ၄၃၀,၀၀၀ နီးပါးဟာ မီးရှူးမီးပန်းတွေအောက် ပီလီရဲ့ရုပ်အလောင်း ရောက်ရှိလာတာကို ကြည့်ရှုနေခဲ့ကြပါတယ်။

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်း အပါအဝင် နေမာနဲ့ ဗီးနီးစီးယက်စ် ဂျူနီယာတို့လို ဘောလုံးအကျော်အမော်တွေကလည်း လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့ကြပါတယ်။

ဇန်နဝါရီ ၃ ရက်မှာတော့ ပီလီရဲ့ ခေါင်းတလားကို ဆန်းတို့စ်မြို့ လမ်းတွေပေါ်မှာ လှည့်လည်ပြသမှာဖြစ်ပြီး သီးသန့်အခမ်းအနားတခုနဲ့အတူ နီခရော့ ပိုလစ် အက်ခရူမန်နီကယ် အထိမ်းအမှတ် သုသာန်မှာ ပီလီကို မြှုပ်နှံဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။

ဆန်းတို့စ်အသင်းအတွက် ဂိုးပေါင်း ၁,၀၀၀ ကျော် သွင်းယူပေးနိုင်ခဲ့တဲ့ ပီလီအတွက် အောက်မေ့ဖွယ်အခမ်းအနားကို အစိုးရတာဝန်ရှိသူတွေ တက်ရောက်လာဖို့ရှိနေပြီး ဘရားဇီးသမ္မတအသစ် လူးဝစ္စ အီနာစီယို လူလာ ဒါဆေးလ်ဗားနဲ့ ဆန်းတို့စ်အသင်းရဲ့ ကာလရှည် ပရိသတ်ဖြစ်သူ ဒုသမ္မတ ဂျရယ်ဒို အက်ခ်မင်လည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီအခမ်းအနားကို ကမ္ဘာတဝန်းက သတင်းထောက် ၅,၀၀၀ နီးပါး တက်ရောက် သတင်းယူခဲ့ကြတယ်လို့လည်း ဆန်းတို့စ်ပြန်ကြားရေးရုံးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up