close

ဘီးလင်းမြို့ ၌ ကျပ် ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးများ ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ  ငွေကျပ် ၅  ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေး ကီလို ၂၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC) က ဇန်နဝါရီ ၃ ရက်မှာထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာ ၃၀ ရက် မနက် ၈ နာရီလောက်က ဘီးလင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ကျိုက်ထိုဘက်မှ သထုံဘက်သို့ လှထွန်း(ခ) အုန်းမြင့် မောင်းနှင်ပြီး စိုင်းလွင်ဦး လိုက်ပါတဲ့ ဒိုင်နာ ၆ ဘီးကားကို သတင်းအရရှာဖွေရာ  ကားပေါ်ကနေ ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀ ကီလို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။

အဆိုပါမူးယစ်ဆေးတွေဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ်သို့ သယ်ဆောင်တာတာဖြစ်ပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖို့ ဆက်လက်စစ်ဆေးဖော်ထုတ် နေတယ်လို့  CCDAC က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်ကလည်း  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာချီလိတ်မှ ကျိုင်းတုံဘက်သို့ စိုင်းဆန်ခေး မောင်းနှင်ပြီး စိုင်းလှိုင်းပန် လိုက်ပါလာတဲ့ နစ်ဆန်း ၁၂ ဘီးကားပေါ်ကနေ တန်ဖိုးငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ ဒသမ ၃၅ တန်၊ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo-CCDAC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up