close

ရန်ကုန်မြို့လယ်တွင် တောင်းရမ်းနေသည့် အဘိုးအို ရိုက်နှက်လုယက်ခံရ

ရန်ကုန်မြို့လယ်ကောင်ရှိ မော်တင်ခုံးတံတားအနီးမှာ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက တောင်းရမ်းစားသောက်နေတဲ့ အဘိုးအိုတဦးကို အမျိုးသားသုံးယောက်က ရိုက်နှက်ပြီး ငွေတွေ လုသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လမ်းမတော်မြို့နယ်၊ ၁၀ ရပ်ကွက် မော်တင်ခုံးတံတားအနီးမှာ မနေ့မနက် ၁၁ နာရီခွဲက ထိုင်ပြီးတောင်ရမ်းနေတဲ့ အသက် ၇၀ အရွယ် အဘိုးအိုတဦးကို အမျိုးသားသုံးဦးက ရိုက်နှက်ကာ တောင်းရမ်းထားတဲ့ငွေတွေ ယူသွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အဘိုးက လမ်းသစ်လမ်းမှာ တောင်းနေတာ၊ ပိုက်ဆံ ငါးထောင် ခြောက်ထောင်လောက်ပဲရှိတာ၊ အဲဒါကို ရိုက်နှက်ပြီး လုသွားတယ်။ အမှတ်တမဲ့ဆိုတော့ မသိလိုက်ဘူး၊ ဘယ်ရဲမှမလာဘူး၊ ရဲတွေမွေးထားတဲ့လူတွေဖြစ်မယ်။”

ရိုက်နှက်ခံရလို့ ခေါင်းကွဲသွားတဲ့ အဘိုးအိုကို ရပ်ကွက်နေသူတွေက ဆေးခန်းလိုက်လံပို့ဆောင်ပေးပြီး အလှူငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ လမ်းသစ်လမ်းမှာ နေထိုင်သူတဦးက  ပြောပါတယ်။

“ဒလကနေလာပြီး ဒီမှာ အလှူခံစားတာ။ မလုပ်သင့်ဘူးဗျာ၊ အခုဖြစ်စဥ်မျိုး မကြာခဏဖြစ်တယ်။ အခုဟာက တောင်းရမ်းစားသောက်သူတောင် မချန်ဘူး၊ လုတာ။”

မော်တင်ခုံးတံတားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဓားထောက်လုယက်မှုတွေ ရှိပေမဲ့ ဖမ်းဆီးရမိတာ မရှိသလို လမ်းမတော်ရဲစခန်းက သူခိုး ဂျပိုးတွေကို သတင်းပေးအဖြစ် မွေးထားပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စောင့်ကြည့်ခိုင်းလေ့ရှိတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“တံတားပေါ်မှာ လူပြတ်ဆိုတာနဲ့ လုတာ၊ ဒီတံတားပေါ်မှာပဲ အလုခံရတာ ငါးဦးမကတော့ဘူး။ အရင်ကဆို ဓားနဲ့ထိုးပြီးလုတာ၊ ရဲတွေရှိတယ် မဖမ်းဘူး။ တံတားအောက်ဘက်မှာ စစ်တပ်က တခါတလေ ကင်းစောင့်တာမျိုးရှိတယ်။”

ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း လုယက်မှု ၄၀၀ ကျော်ဖြစ်ခဲ့ပြီး လုယက်သူတွေ လက်ချက်ကြောင့် သေဆုံးသူဦးရေ ၅၀ ထက်မနည်းရှိတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up